Main menu

Background

ဘက်စုံတိုးတက်သောပစိဖိတ်ဖြတ်ကျော် သဘောတူညီချက် (Comprehensive and progressive Agreement for Trans-Pacific Partnership -CPTPP) နှင့်ပတ်သက်၍ ဂျပန်နိုင်ငံ၏ လက်ရှိဆောင်ရွက်မှုများအပေါ် လေ့လာသုံးသပ်တင်ပြခြင်း

Fri, 04/09/2021 - 12:22 -- journal_editor

နိဒါန်း

          ဘက်စုံတိုးတက်သောပစိဖိတ်ဖြတ်ကျော် သဘောတူညီချက် Comprehensive and progressive Agreement for Trans-Pacific Partnership (CPTPP) သည်  ဩစတေးလျ၊ ဘရူနိုင်း၊ ကနေဒါ၊ ချီလီ၊ ဂျပန်၊ မလေးရှား၊ မက္ကဆီကို၊ နယူးဇီလန်၊ ပီရူး၊ စင်္ကာပူနှင့် ဗီယက်နမ်တို့ စသည့် နိုင်ငံ (၁၁) နိုင်ငံအကြား ၂၀၁၈ ခုနှစ်၊ မတ်လတွင် လက်မှတ်ရေးခဲ့သည့် ကုန်သွယ်ရေးဆိုင်ရာသဘောတူညီချက်ဖြစ်ပါသည်။ စာချုပ်ကိုလက်မှတ်ရေးထိုးခဲ့သည့် အချိန်တွင် အဆိုပါ (၁၁) နိုင်ငံ၏စုစုပေါင်းပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုပမာဏသည် တစ်ကမ္ဘာလုံးအတိုင်းအတာ၏ ၁၃.၄ % ရှိခဲ့ပါသည်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်လက်ထက် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် ပစိဖိတ်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်(Trans-Pacific Partnership-TPP) ၏ အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ခဲ့ပါသည်။  လက်ရှိတွင် ဂျပန်နိုင်ငံအနေဖြင့် အဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်သည့် (CPTPP)  သဘောတူ စာချုပ်ကိုဦးဆောင်လျက်ရှိသည်။

(က)    (CPTPP) တွင်အမေရိကန်နိုင်ငံပြန်လည်ပါဝင်နိုင်ရေးဂျပန်နိုင်ငံ၏ကြိုးပမ်းချက်များ

          ဂျပန်နိုင်ငံခြားရေးဝန်ကြီးMr.MotegiToshimitsu က  ၂၀၂၁ ခုနှစ်တွင် အမေရိကန်သမ္မတသစ် Mr. Joe Biden တာဝန်ယူပြီးသည့်နောက်ပိုင်းအမေရိကန်အနေဖြင့် ပြန်လည် ဝင်ရောက်လာရန်မျှော်လင့်ကြောင်း ပြောကြားခဲ့ပါ သည်။ အမေရိကန်သမ္မတMr.Obama၏ လက်ထက်တွင် Trans-Pacific Partnership (TPP) အဖွဲ့အတွက် အမေရိကန်သည် အဓိကမောင်းနှင်အားသဖွယ်ဆောင်ရွက်ခဲ့ပြီးသမ္မတMr.Trumpလက်ထက်တွင်နှုတ်ထွက်လိုက်သဖြင့် ကျန် ၁၁ နိုင်ငံမှ (CPTPP) အဖြစ် ပြန်လည်ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အမေရိကန်အတွက်(CPTPP)တွင် ပါဝင်ရခြင်းသည် ကောင်းကျိုးများစွာရရှိမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံအစိုးရအနေဖြင့်လည်း အမေရိကန် အစိုးရနှင့် ကုန်သွယ်ရေးကဏ္ဍအပါအဝင် နယ်ပယ်အစုံစုံတွင် ပတ်သက်နှီးနွှယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ဂျပန်အစိုးရအနေဖြင့် အမေရိကန်အစိုးရကိုယခင်က  (TPP) အဖွဲ့တွင် ဦးစီးဆောင်ရွက်ခဲ့သကဲ့သို့ လက်ရှိ (CPTPP) ကိုပြန်လည် ဦးဆောင်ရန် မျှော်လင့်ကြောင်းဟု ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့၌  ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

          တစ်ချိန်တည်းမှာပင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့၌ အမေရိကန်နိုင်ငံ၊ သမ္မတအိမ်ဖြူတော်တွင်ကျင်းခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူMs. Jen Psaki က TPP ကိုပြည့်ပြည့်ဝဝအကောင်အထည် မဖော်နိုင်ခဲ့မှုနှင့် ပိုမိုခိုင်မာတောင့်တင်းစေရန် ကြိုးပမ်းရန်လိုအပ်နေသည်ကိုသမ္မတ Biden အနေဖြင့် သဘောပေါက်နားလည်ပါကြောင်း၊ သို့သော် အမေရိကန်နိုင်ငံမှ လူလတ်တန်းစားများအတွက် ပံ့ပိုးမှုများကို ဦးစွာဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ သမ္မတသစ်၏ ကနဦးအစအုပ်ချုပ်ရေးကာလတွင် ပြည်တွင်းရေးရာများဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါတိုက်ဖျက်ရေး၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ပြန်လည်နာလန်ထူရေးနှင့် ၂၀၂၂ ခုနှစ်တွင် ပြုလုပ်မည့် mid-term election ကိစ္စရပ်များကိုအာရုံစိုက်ရမည်ဖြစ်သဖြင့် (CPTPP)တွင် ပြန်လည်ပါဝင်ရန် အသင့်မဖြစ်သေးကြောင်းကိုအရိပ်အမြွက်ပြောကြားခဲ့သည်။

          အမေရိကန်နိုင်ငံအနေဖြင့်(CPTPP)တွင် ပြန်လည်ပါဝင်မှုနှင့်ပတ်သက်၍ အားသာချက် အားနည်းချက်များအမှန်စင်စစ်ရှိနေပါသည်။ အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်ပြည်နယ်ရှိ Tufts University မှ ပြုလုပ်သော သုတေသနအရTPPသည် အမေရိကန်အတွက် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကိုထိခိုက်စေနိုင်ရုံသာမကအလုပ်လက်မဲ့ဦးရေကိုပါ တိုးပွားလာစေမည်ဖြစ်ကြောင်းသုံးသပ်ထားပါသည်။ သို့သော် U.S.International Trade Commission မှ (CPTPP)သည် စာချုပ်ဝင်နိုင်ငံများအားလုံးမှ လုပ်သားများ၏ လုပ်အားခများတိုးတက်လာနိုင်ကြောင်း၊  ၉၅ % သောအမေရိကန်ပြည်ထောင်စု၏ အလားအလာကောင်းသည့် ပြည်ပရှိကုန်သွယ်မှုမိတ်ဖက်များကြောင့် နှစ်စဉ်ပို့ကုန်တန်ဖိုးအမေရိကန်ဒေါ်လာ ၃၅၇ ဘီလီယံခန့် တိုးတက်လာနိုင်ပြီးနိုင်ငံ၏ စီးပွားရေးတွင်လည်း ၀.၅  % ခန့် တိုးတက်လာမည်ဖြစ်ကြောင်းခန့်မှန်းထားသည်။

          ဂျပန်နိုင်ငံသည် (CPTPP) သို့ အမေရိကန်ပြန်လည်ဝင်ရောက်လာစေရန် ဂျပန်-အမေရိကန် နှစ်နိုင်ငံအကြားစီးပွားရေးမိတ်ဖက်ဆောင်ရွက်မှုများအပါအဝင်ဖြစ်သည့် Japan-U.S. Security Treaty ကိုအခြေခံ၍ မဟာဗျူဟာ နည်းလမ်းများဖြင့် စွမ်းဆောင်နိုင်မည်ဟု မျှော်လင့်နေပါသည်။ ထို့ကြောင့် အဆိုပါ မိတ်ဖက်သဘောတူညီချက်သည် အမေရိကန်အား (CPTPP) သို့ပြန်လည်ဝင်ရောက်ရန်၊ အင်ဒို-ပစိဖိတ်ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများနှင့် နှစ်နိုင်ငံအကြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် တွန်းအားပေးနိုင်သည့် ဂျပန်နိုင်ငံ၏အဓိကသော့ချက်တစ်ခုသဖွယ်ဖြစ်နေပါသည်။ ဂျပန်နိုင်ငံဘက်မှလည်းအမေရိကန်အနေဖြင့် လတ်တလောပြည်တွင်း ကိုရိုနာကူးစက် ရောဂါထိန်းချုပ်ရေး၊ စီးပွားရေးလုပ်ငန်းများနာလန်ထူရေးနှင့် ၂၀၂၂ ခုနှစ်၊ mid-term election ဆောင်ရွက်ရန်နှင့် အခြားသောစီမံအုပ်ချုပ်မှုများဆောင်ရွက်ပြီးသည်အထိစောင့်ဆိုင်းကာ (CPTPP) တွင် ပြန်လည်ပါဝင်ရန် ဆက်လက် တိုက်တွန်းနေမည်ဖြစ်သည်။

(ခ)     တရုတ်နိုင်ငံအပါအဝင် အခြားသောဒေသတွင်းနိုင်ငံများမှ (CPTPP) ပါဝင်ရန် စိတ်ပါဝင်စားလာခြင်း

          တစ်ချိန်တည်းမှာပင် စီးပွားရေးအကျိူးရလဒ်အပေါ် မျှော်ကိုးမှုများနှင့်အတူထိုင်းနိုင်ငံ၊ တောင်ကိုရီးယား၊ တရုတ်နှင့် ဗြိတိန်စသည့် နိုင်ငံများသည်လည်း(CPTPP)တွင် ပါဝင်လိုကြောင်းသဘောထားများ ဖော်ပြလာသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်းကတရုတ်နိုင်ငံအနေဖြင့် (CPTPP)သဘောတူညီချက်အပေါ် အပြုသဘောဆောင်ပြီးပွင့်လင်းသည့် အမြင်သဘောထားရှိကြောင်းတရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူMr.GaoFeng က ပြောကြားခဲ့ပါသည်။ပွင့်လင်းမြင်သာမှုရှိပြီးနှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်းစေမည့်ဒေသတွင်းကုန်သွယ်ရေးသဘောတူညီချက်မျိုးကိုတရုတ်အစိုးရမှ လိုလားပါကြောင်း၊ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ (WTO) နှင့်လည်းသဟဇာတဖြစ်ပြီးဒေသတွင်းကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးသာမကတစ်ကမ္ဘာလုံးအတိုင်းအတာနှင့်ပါ ကူးသန်းရောင်းဝယ်ရေးဆောင်ရွက်မှုများကို အထောက်အကူပြုမည်ဆိုပါက တရုတ် နိုင်ငံအနေဖြင့် (CPTPP)  အပေါ် အပြုသဘောဆောင်သည့်အမြင်ရှိကြောင်းဟုထုတ်ဖော်ပြောကြားခဲ့ပါသည်။ ဗြိတိန်နိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် TPP အဖွဲ့ဝင်အဖြစ် ပါဝင်လိုကြောင်းတရားဝင် အဆိုပြုခဲ့ သည်။

          ၂၀၂၀ ၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာလ၁၅ရက်နေ့တွင်ချုပ်ဆိုခဲ့သည် အာရှနှင့်ပစိဖိတ်ဒေသမှအဖွဲ့ဝင်၁၅နိုင်ငံပါဝင်သည့်ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်(RCEP) သည် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီးပါးခန့်ကိုလွှမ်းခြုံထားပြီးကမ္ဘာ့စီးပွားရေး၏  ၄၀ % ကျော်ရှိသည့် ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေးသဘောတူညီချက်တစ်ခုဖြစ်လာပါသည်။ (RCEP) တွင် ပါဝင်သည့်နိုင်ငံများအနက် တရုတ်နိုင်ငံသည် စီးပွားရေးအင်အား အကြီးမားဆုံးနိုင်ငံတစ်ခုဖြစ်သဖြင့် သဘောတူစာချုပ်ကိုအခြေခံကာနိုင်ငံ၏ စီးပွားရေးပိုမိုတိုးတက်စေနိုင်မည်ဖြစ်ပါသည်။ (RCEP) နှင့် (CPTPP) တို့ကိုဆောင်ရွက်ခြင်းသည် အရှေ့အာရှဒေသတွင်းနိုင်ငံများ၏ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်နိုင်မည်ဖြစ်ရာကမ္ဘာ့နိုင်ငံအများစုသည် တရုတ်နိုင်ငံ၏ခြေလှမ်းကိုအကဲခတ်နေကြောင်းသိရပါသည်။

          သို့ဖြစ်ရာယခင်က (CPTPP) ၏ မြင့်မားသည့် စံနှုန်းများအပေါ် ကျေနပ်လက်ခံရန် မလွယ်ကူသည့် သဘောထားရှိသည့် တရုတ်နိုင်ငံမှ (CPTPP) အပေါ် အပြုသဘောဆောင်သည့် ပြောဆိုမှုများကိုအံ့အား သင့်ခဲ့ကြခြင်း ဖြစ်ပါသည်။ တစ်ဖက်မှလည်း (RCEP) တွင် အင်အားကြီးမားသည့် တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍ၌ ဦးဆောင်နေမှုကိုတစ်ဖြည်းဖြည်းလျော့ကျစေရန် စွမ်းဆောင်ကြိုးပမ်းမှု သဖွယ်ရှုမြင်သုံးသပ် နေကြပါသည်။အမေရိကန်နိုင်ငံသည် အင်ဒို-ပစိဖိတ်ဒေသတွင် ဦးဆောင်နေမှုကိုဆက်လက်တည်တံ့စေရန် သမ္မတသစ် Biden အနေဖြင့် တရုတ်နိုင်ငံထက်စောစွာ (CPTPP) သို့ပြန်လည်ဝင်ရောက် ရမည်ဖြစ်ပါသည်။

(ဂ)     တရုတ်နိုင်ငံပါဝင်လာမည့်အလားအလာကြောင့် ဂျပန်အနေဖြင့် (CPTPP) တွင် အဖွဲ့ဝင်အသစ်ပါဝင်ခြင်းဆိုင်ရာစည်းမျဉ်းများဖြေလျော့ရန် ငြင်းဆိုခဲ့ခြင်း 

          ကနဦးတွင် ဘရူနိုင်း၊ ချီလီ၊ စင်ကာပူနှင့် နယူးဇီလန်နိုင်ငံတို့ (၄) နိုင်ငံဖြင့် လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်ငယ်မှသည် (၁၁) နိုင်ငံပါဝင်သည့် (CPTPP)သဘောတူညီချက်သည် အခြားဒေသတွင်းနိုင်ငံများမှ ပါဝင်လိုမှုရှိသည့် အရိပ်အယောင်များတွေ့မြင်နေရပါသည်။သို့သော် ဂျပန်နိုင်ငံအနေဖြင့် Gatekeeperသဖွယ် တင်းကျပ်သည့် စည်းမျဉ်းများဖြင့် သတိထားဆောင်ရွက်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံ၏ (CPTPP)သို့ ပါဝင်ရန်စိတ်ပါဝင်စားမှုသည် အထူးသဖြင့် အာရှ-ပစိဖိတ်ဒေသတွင်းကုန်သွယ်ရေး၊ ၎င်း၏ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် မူပိုင်ခွင့်ကိစ္စရပ်များအပေါ်လွှမ်းမိုးချုပ်ကိုင်လိုမှုကြောင့်ဖြစ်သည်ဟုယူဆနေပါသည်။

          အဖွဲ့ဝင်အသစ်ခွင့်ပြုမည့် ကိစ္စနှင့်ပတ်သက်၍ လက်ရှိ၌ (CPTPP)အဖွဲ့ဝင် (၁၁) နိုင်ငံရှိပြီးဖြစ်ကြောင်း၊ အဖွဲ့ဝင်အသစ်ပါဝင်မှုကိုလက်ရှိအဖွဲ့ဝင်အားလုံး၏ သဘောတူညီမှုမပါဝင်ဘဲဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ အဖွဲ့ဝင်အသစ်လက်ခံရန်မှာလွယ်ကူသည့်ကိစ္စမဟုတ်ပါကြောင်းနှင့် မိမိတို့အဖွဲ့ဝင်အားလုံးအနေဖြင့် အဖွဲ့ဝင်အသစ်လက်ခံမှုကိုမဟာဗျူဟာကျကျ ချင့်ချိန်သုံးသပ်ရမည်ဖြစ်ကြောင်းဟုဂျပန်ဝန်ကြီးချုပ် Mr.YoshihideSuga က ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်းကပြောကြားခဲ့ပါသည်။ဂျပန်နိုင်ငံခြားရေးဝန်ကြီးMr.ToshimitsuMotegiကလည်းCPTPP)အဖွဲ့ဝင် (၁၁) နိုင်ငံအားလုံးအနေဖြင့် e-commerce ၊ ဉာဏဆိုင်ရာမူပိုင်ခွင့် ၊ အစိုးရပိုင်စီးပွားရေးလုပ်ငန်းများအပေါ် တင်းကျပ်သည့် စည်းမျဉ်းစံသတ်မှတ်ချက်များချမှတ်ရန်လိုကြောင်း၊ ပါဝင်လိုသည့် အဖွဲ့ဝင်အသစ်အနေဖြင့် ၎င်းစည်းမျဉ်းများနှင့် ကိုက်ညီအောင် ပြင်ဆင်ရန်လိုအပ်ကြောင်းတိုက်တွန်းပြောကြားခဲ့ပါသည်။

          လက်ရှိCPTPP)အဖွဲ့ဝင် (၁၁) နိုင်ငံ၏ တင်းကျပ်သည့် တည်ဆဲစည်းမျဉ်းများသည် တရုတ်နိုင်ငံ၏ အဖွဲ့ဝင်အသစ်အဖြစ် ပါဝင်လိုမှုအတွက် ကတိကဝတ်ပြုနိုင်စွမ်းအပေါ် အကဲဖြတ်မည်ဖြစ်ပါသည်။ ဥပမာအားဖြင့် တရုတ်နိုင်ငံမှ အစိုးရပိုင်စီးပွားရေးလုပ်ငန်းများအပေါ် အထူးအခွင့်အရေးပေးမှုများကို မျှတသောယှဉ်ပြိုင်မှုအဖြစ် ကန့်သတ်ဆောင်ရွက်မှုနှင့်  တရုတ်နိုင်ငံမှအစိုးရပိုင်စီးပွားရေးလုပ်ငန်းများ၏ သံမဏိထုတ်လုပ်မှုတွင် လက်ဝါးကြီးအုပ်ထားမှုများကို မျှတစေရန်ကန့်သတ်ပိတ်ပင်မှုများဆောင်ရွက်မည့်ကိစ္စများသည် တရုတ်နိုင်ငံအတွက် မျိုချရန်ခက်ခဲလှသည့် ဆေးခါးကြီးသဖွယ်ဖြစ်နေပါသည်။

          ဂျပန်နိုင်ငံ၊ Kansai University of International Studies မှ ပါမောက္ခMr.Yorizumi Watanabe က ဂျပန်နိုင်ငံအနေဖြင့် (CPTPP)အဖွဲ့ဝင် (၁၁) နိုင်ငံ၏ တည်ဆဲစည်းမျဉ်းများကိုတရုတ်နိုင်ငံဝင်ရောက်လာရေးအတွက် ဖြေလျော့ပေးမည်မဟုတ်သည်ကိုရှင်းလင်းသေချာစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၎င်းအပြင် တရုတ်နိုင်ငံအနေဖြင့် ထိုစည်းမျဉ်းများကိုကျော်လွှားနိုင်ခြင်းမပြုနိုင်သည့် အခြေအနေမျိုးအဖြစ် အသင့်ဖြစ်နေရန် ပြင်ဆင်ထားသင့်ကြောင်းထောက်ပြထားပါသည်။

(ဃ)    သုံးသပ်တင်ပြချက်

          အချုပ်အားဖြင့်ဆိုရသော် ဂျပန်နိုင်ငံအနေဖြင့်(CPTPP)တွင် အမေရိကန်နိုင်ငံပြန်လည် ပါဝင်လာခြင်းသည် စီးပွားရေးအကျိုးအမြတ်များစွာရရှိနိုင်သည်ဟုယူဆချက်ဖြင့် အမေရိကန်ပြန်လည်ပါဝင်လာနိုင်ရန် Japan-U.S. Security Treaty ကိုထောက်ပြကာတစိုက်မတ်မတ်တွန်းအားပေးနေပါသည်။ တဖက်မှလည်းတရုတ်နိုင်ငံပါဝင်လာမည်ကိုစိုးရိမ်မှုဖြင့် သဘောတူညီချက်ပါ တည်ဆဲစည်းမျဉ်းများဖြင့် တင်းကျပ်စွာထိန်းချုပ်ကန့်သတ်ရန် ကြိုးပမ်းနေသည်ကိုတွေ့ရပါသည်။ သို့သော်  (CPTPP) သဘောတူညီချက်သည် အလုပ်လက်မဲ့ဦးရေမြင့်မားလာနိုင်ခြင်းနှင့် ဂျပန်နိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍကိုခြိမ်းခြောက်လာနိုင်သည်ဟူသည့် စိုးရိမ်ပူပန်မှုဖြင့် အပြင်းအထန်ကန့်ကွက်နေကြသည့် ပြည်တွင်းမှ စိုက်ပျိုးရေးဆိုင်ရာအဖွဲ့အစည်းများကြောင့် ဂျပန်နိုင်ငံကိုယ်တိုင်ပင်လျှင်ကနဦးကတည်းက (CPTPP) အတွက် ထိရောက်သည့်ပံ့ပိုးသူအဖြစ် မဆိုနိုင်ပါ။

          သို့သော် (CPTPP)ကဲ့သို့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်များကိုဖော်ဆောင်ခြင်းသည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ၏ အနေအထားကို မြှင့်တင်ရန် လိုအပ်သည့်အချက်တစ်ခုအဖြစ်လည်းရှုမြင်ရမည်ဖြစ်ပါသည်။တစ်ဆက်တည်းပင် သဘောတူညီချက် အရစိုက်ပျိုးရေးကဏ္ဍတွင် ပုံသဏ္ဍာန်ပြောင်းလဲအကောင်အထည်ဖော်ခြင်း၊ စျေးကွက်များဖွင့်လှစ်ပေးခြင်းနှင့် (Movement of Natural Persons – MNPs) အပါအဝင် စည်းမျဉ်းအရထိန်းချုပ်ဆောင်ရွက်ရသည့် နယ်ပယ်များတွင် ရှောင်လွှဲမရနိုင်သည့် ပြဿနာများကြုံတွေ့ရတတ်ပါသည်။

          သို့ဖြစ်ရာနိုင်ငံရေးအရထိခိုက်လွယ်မှုများကိုထည့်တွက်၍ ဂျပန်နိုင်ငံအနေဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်များဖော်ဆောင်မှုနှင့် ဆက်စပ်နေသည့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ပြိုင်တူဆောင်ရွက် ခြင်းမပြုပါကဂျပန်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် ယှဉ်ပြိုင်ရပ်တည်နိုင်မည်မဟုတ်ပါ။(CPTPP)တွင်ပါရှိသည့် စိုက်ပျိုးရေးကဏ္ဍဖြေလျှော့ဆောင်ရွက်မှုများကြောင့် ပြည်တွင်းရှိစိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ကြ သူများအနေဖြင့်အလုပ်လက်မဲ့ပြဿနာများ၊ လုပ်ငန်းပြောင်းလဲလုပ်ကိုင်ရသည့် ပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ရပါကစိုက်ပျိုးရေးကဏ္ဍမှ လုပ်သားအများစုသည် အသက်အရွယ်ကြီးရင့်သူများဖြစ်ကြသည့်အတွက် အခြားလုပ်ငန်း တစ်ခုသို့ ပြောင်းရွှေ့လုပ်ကိုင်ရန်မှာမလွယ်ကူခြင်း၊ ဝင်ငွေရရှိမှုထိခိုက်လာခြင်းစသည်တို့သည် မလွဲမသွေရင်ဆိုင်ရမည့် အကြောင်းအရာများဖြစ်ကြသဖြင့် (CPTPP)သည် ဂျပန်နိုင်ငံအတွက် စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးများစွာ ရရှိနိုင်သည့် မဟာဗျူဟာကျသောသဘောတူညီချက်တစ်ခုဖြစ်သော်လည်း ၎င်းကိုယ်တိုင် ပြည်တွင်းမှ မကျေလည်မှုများကိုဦးစွာဖြေရှင်းရန်လိုအပ်ပါကြောင်းသုံးသပ်တင်ပြအပ်ပါသည်။

 

နန္ဒာဝင်း

 (စီးပွားရေးသံမှူး)

မြန်မာသံရုံး၊ တိုကျိုမြို့