Main menu

Background

ဥရောပ၌အပူလှိုင်းနှင့်မိုးခေါင်မှုများကြောင့်ကောက်ပဲသီးနှံဆုံးရှုံးမှုသည်နှစ် (၅၀) အတွင်း (၃) ဆမြင့်တက်လာခြင်း

Mon, 04/12/2021 - 11:12 -- journal_editor

ဥရောပတွင်ပြီးခဲ့သည့်နှစ် (၅၀) အတွင်းအပူလှိုင်းနှင့်မိုးခေါင်မှုများကြောင့်ကောက်ပဲသီးနှံဆုံးရှုံးမှု(၃) ဆပိုများလာခဲ့ကြောင်းရာသီဥတုပြောင်းလဲမှုနှင့်စားနပ်ရိက္ခာစနစ်၏ ထိရှလွယ်မှုအခြေအနေကို လေ့လာမှုတစ်ရပ်အရသိရသည်။ အဆိုပါလေ့လာမှုသုတေသနသည်၁၉၆၁ခုနှစ်မှ၂၀၁၈ခုနှစ်အတွင်းဥရောပနိုင်ငံများရှိစိုက်ပျိုးထုတ်လုပ်မှုကိုစစ်တမ်းပြုစုခဲ့ခြင်းဖြစ်သည်။အဆိုပါစစ်တမ်းအရမိုးခေါင်မှု၊အပူလှိုင်းဖြတ်မှု၊ရေကြီးမှုနှင့်အအေးလွန်ကဲမှုစသည့်ရာသီဥတုဖြစ်စဉ် များဆိုင်ရာအချက်အလက်များကိုနှိုင်းယှဉ်လေ့လာခဲ့ပြီး၊ရာသီဥတုပြောင်းလဲမှုကြောင့်ကောက်ပဲသီးနှံဆုံးရှုံးမှုမြင့်တက်လာစေသည့်သက်သေအထောက်အထားများကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။

            အပူလှိုင်းနှင့်မိုးခေါင်မှုတို့ကြောင့်ကောက်ပဲသီးနှံဆုံးရှုံးမှုသည်၁၉၆၄ခုနှစ်မှ၁၉၉၀ခုနှစ်ကြားကာလတွင် (၂.၂) ရာခိုင်နှုန်းရှိခဲ့ရာမှ၁၉၉၁ခုနှစ်မှ၂၀၁၅ခုနှစ်အကြားကာလ၌ (၇.၃) ရာခိုင်နှုန်းရှိလာခဲ့ပါသည်။ အထူးသဖြင့် မိုးခေါင်မှု အကြိမ်ရေပိုများသဖြင့်ယင်း၏ကောက်ပဲသီးနှံဆုံးရှုံးမှုအပေါ်သက်ရောက်မှုသည်ပိုမိုပြင်းထန်ကြောင်းသိရသည်။သို့သော်ရာသီဥတုလွန်ကဲစွာပြောင်းလဲသည့်ဖြစ်စဉ်များကြောင့်ကောက်ပဲသီးနှံများဆုံးရှုံးမှုသည်သီးနှံအမျိုးအစားအလိုက် ကွဲပြားမှုရှိသည်ဟုဆိုသည်။

            အီးယူရှိစိုက်ပျိုးမြေဧရိယာ၏ (၆၅) ရာခိုင်နှုန်းနီးပါး၌စိုက်ပျိုးပြီး၊တိရစ္ဆာန်အစာအဖြစ်အဓိကအသုံးပြုသည့် Cereals သည်အများဆုံးထိခိုက်သည့်သီးနှံဟုသိရသည်။ မိုးခေါင်သည့်နှစ်တိုင်းတွင် ယင်းသီးနှံဆုံးရှုံးမှုသည် (၃) ရာခိုင်နှုန်းကျော်ရှိပြီးအခြားသီးနှံများထက်ပို၍ဆုံးရှုံးမှုကြီးမားခြင်းဖြစ်သည်။ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံကဲ့သို့သောအခြားသီးနှံများထက်Cereals ကိုပို၍တွင်ကျယ်စွာစိုက်ပျိုးသည့်အချက်မှာ အကြောင်းရင်းတစ်ရပ်ဖြစ်နိုင် ကြောင်းသုတေသီများကပြောကြားသည်။

ရာသီဥတုပြောင်းလဲမှုကြောင့်အပူလှိုင်းနှင့်မိုးခေါင်မှုတို့အပါအဝင်မိုးလေဝသမမှန်သည့်ဖြစ်စဉ်များကိုပိုများလာစေမည်ဟုမျှော်လင့်ထားပါသည်။ယင်းဖြစ်စဉ်များကြောင့်ဥရောပ၏ကောက်ပဲသီးနှံထုတ်လုပ်မှုကိုသက်ရောက်လာခြင်းမှတစ်ဆင့်ကမ္ဘာ့စားနပ်ရိက္ခာစနစ်နှင့်စားသောက်ကုန်ဈေးနှုန်းများအပေါ်ဂယက်ရိုက်သက်ရောက်မှုများ (ripple effects) ရှိလာနိုင်မှုကိုအီးယူ၏သုတေသနစစ်တမ်းကသတိပေးထားပါသည်။

            ဥရောပ၌၂၀၁၈ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သည့်အပူလှိုင်းနှင့်မိုးခေါင်မှုကြောင့်ကောက်နှံများထုတ်လုပ်မှု (grain production) သည်ယခင် (၅) နှစ်နှင့်နှိုင်းယှဉ်လျှင်ပျမ်းမျှ (၈) ရာခိုင်နှုန်းလျော့ကျခဲ့သည်။ အကျိုးဆက်အနေဖြင့် မွေးမြူရေးလုပ်ငန်းများအတွက်အစာပြတ်လပ်မှုနှင့်ကုန်စည်ဈေးနှုန်းမြင့်တက်မှုများဖြစ်ပေါ်စေခဲ့ကြောင်းသိရသည်။

ရင်းမြစ် -  (Euractiv)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး