Main menu

Background

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ကယူရိုဇုန်၏စီးပွားရေးတိုးတက်မှုနှုန်းအားတိုးမြှင့်ခန့်မှန်း

Mon, 04/12/2021 - 11:13 -- journal_editor

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကထုတ်ပြန်ခဲ့သည့်ယခုနှစ်အတွက်ကမ္ဘာ့စီးပွားရေးအလားအလာခန့်မှန်းချက်တွင်ယူရိုဇုန်၏စီးပွားရေးတိုးတက်မှုနှုန်းအား (၄.၄) ရာခိုင်နှုန်းသို့တိုးမြှင့်ခန့်မှန်းထားကြောင်းသိရသည်။ အီးယူ၏ယူရို (၇၅၀) ဘီလီယံပြန်လည်ထူထောင်ရေးရန်ပုံငွေနှင့်အမေရိကန်ပြည်ထောင်စု၏အမေရိကန်ဒေါ်လာ (၁.၉) ထရီလီယံစီးပွားရေးလှုံ့ဆော်မှုအစီအမံများကြောင့် IMF ကယင်းသို့ပြင်ဆင်ခန့်မှန်းခဲ့ခြင်းဖြစ်သည်။

လာမည့်နွေရာသီတွင်ကာကွယ်ဆေးများပိုမိုထိုးနှံနိုင်ခြင်းမှတစ်ဆင့်ယခုနှစ်၏ဒုတိယနှစ်ဝက်ကာလတွင်စီးပွားရေးပြန်လည်နာလန်ထူမှုပိုမိုအားကောင်းလာမည်ဟုမျှော်လင့်ထားပြီး၊ကမ္ဘာ့စီးပွားရေးတိုးတက်မှုခန့်မှန်းချက်ကိုလည်း IMF ကတိုးမြှင့်ထားသည်။ကမ္ဘာ့စီးပွားရေးသည်၂၀၂၁ခုနှစ်တွင် (၆) ရာခိုင်နှုန်းတိုးတက်နိုင်ကြောင်းနှင့်၂၀၂၂ခုနှစ်တွင် (၄.၄) ရာခိုင်နှုန်းရှိနိုင်ကြောင်း IMF ၏စီးပွားရေးအလားအလာခန့်မှန်းချက်အရသိရသည်။

            မကြုံစဖူးမူဝါဒပိုင်းတုံ့ပြန်ဆောင်ရွက်မှုများကြောင့်ကိုဗစ်-၁၉ကပ်ရောဂါဆိုင်ရာစီးပွားရေးကျကပ်သည်၂၀၀၈ခုနှစ်၊ဘဏ္ဍာရေးအကျပ်အတည်းထက်ထိခိုက်မှုပိုနည်းနိုင်ဖွယ်ရှိသည်ဟု IMF ကဆိုသည်။ သို့ရာတွင် ထွန်းသစ်စ ဈေးကွက်စီးပွားရေးများနှင့်ဝင်ငွေနိမ့်ဖွံ့ဖြိုးဆဲနိုင်ငံများသည်ကပ်ရောဂါကြောင့်စီးပွားရေးပို၍အထိနာခဲ့ကြပြီး၊သိသာသောကာလလတ်ဆုံးရှုံးမှုများကိုခံစားရနိုင်သည်ဟုသိရသည်။

မူဝါဒချမှတ်သူများအနေဖြင့်အလုပ်လက်မဲ့ဖြစ်မှုအကာအကွယ်ပေးခြင်း၊ကျန်းမာရေးစောင့်ရှောက်မှုနှင့်ရာသီဥတုပြောင်းလဲမှုကိုဖြေရှင်းရေးစသည့်မူဝါဒများကိုဉီးစားပေးဆောင်ရွက်သင့်သည်ဟု IMF ကဆိုသည်။စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ (Organization for Economic Cooperation and Development-OECD) က၂၀၂၁ခုနှစ်တွင်ကမ္ဘာ့စီးပွားရေးသည် (၅.၆) ရာခိုင်နှုန်းတိုးတက်မည်ဟုခန့်မှန်းထားသဖြင့် IMF ၏ကမ္ဘာ့စီးပွားရေး အလားအလာအပေါ်ခန့်မှန်းချက်သည် OECD ခန့်မှန်းချက်ထက်ပိုများနေကြောင်းသိရပါသည်။

ရင်းမြစ် -  (Politico)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး