Main menu

Background

Wednesday, 9 Feb 2011

ပို့ကုန် တိုးမြှင့်ရေးနဲ့ စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများအတွက် စားသောက်ကုန် လုပ်ငန်းဖွံ့ ဖြိုးတိုးတက်ရေး အထောက်အကူပြု ဓာတ်ခွဲခန်း ထူထောင်ဖွင့်လှစ်                ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်း၊ ကုန်သည် စက်မှုအသင်းချုပ်ရုံး ၇ လွှာမှာ ဖွင့်လှစ်ခဲ့တဲ့ မြန်မာနိုင်ငံစိုက်ပျိုးရေးအခြေခံ စားသောက်ကုန် ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းရဲ့ စားသောက်ကုန်လုပ်ငန်း ဖွံ့ ဖြိုးတိုးတက်ရေး အထောက်အကူပြု ဓါတ်ခွဲခန်းနဲ့ ပတ်သက်လို့ ဓာတ်ခွဲခန်း ထူထောင်ရတဲ့ ရည်ရွယ်ချက် ဘယ်လိုပစ္စည်းတွေကို စစ်ဆေးပေးနိုင်တယ်၊ ပို့ကုန်တိုးမြှင့်ရေးနဲ့ ပတ်သက်လို့ ဘယ်လိုအထောက်အကူပြုစေတယ်၊ သွင်းကုန်တွေနဲ့ ပတ်သက်လို့ စားသုံးသူတွေကို ကာကွယ် ပေးရေး ရှုထောင့်က ဘယ်လို အကူအညီတွေ ရနိုင်တယ်ဆိုတာကို သိရှိနိုင်ဖို့ ကောမတ်စ်အဖွဲ့က အသင်းတာဝန်ရှိသူများ၊ ဓါတ်ခွဲခန်း တာဝန်ရှိသူများနဲ့ တွေ့ဆုံမေးမြန်းဆွေးနွေးခဲ့တာကို ကောမတ်စ်ပရိသတ်အတွက် ဖော်ပြလိုက်ပါတယ် -                         မြန်မာနိုင်ငံစိုက်ပျိုးရေးအခြေခံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းရဲ့ ရည်ရွယ်ချက် တွေဖြစ်တဲ့ ပြည်တွင်း ပြည်ပစားသောက်ကုန် ဖြန့်ဖြူးတင်သွင်းခြင်းနဲ့ တင်ပို့တဲ့ ကွင်းဆက် တွေ ချိတ်မိစေဖို့၊ ပြည်တွင်း စိုက်ပျိုးရေးအခြေခံ စားသောက်ကုန်ထုတ်လုပ်သူများရဲ့ အသိပညာများနဲ့ ထုတ်လုပ်မှုနည်းပညာတွေ မြင့်မားလာစေဖို့ ၊ ပြည်တွင်း စားသောက်ကုန်ပစ္စည်းတွေ တိုးတက် တင်ပို့နိုင်စေဖို့ စတာတွေကို အကောင်အထည်ဖော်တဲ့ နေရာမှာ အထောက်အကူပြုစေဖို့ နိုင်ငံတကာ အဆင့်မီစားသောက်ကုန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ဓါတ်ခွဲခန်းကို ၂ဝဝ၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်က စပြီး တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။                          ဒီဓါတ်ခွဲခန်းလုပ်ငန်းရဲ့ ဦးတည်ရည်မှန်းချက်ကတော့ စားသောက်ကုန်ပစ္စည်း ထုတ်လုပ်သူတွေအနေနဲ့ မိမိတို့ အသုံးပြုတဲ့ ကုန်ကြမ်း ပစ္စည်းတွေနဲ့ ကုန်ချောပစ္စည်းတွေရဲ့ အရည်အသွေးဟာ စံချိန်စံညွှန်းများနဲ့ ကိုက်ညီမှုရှိ၊ မရှိသိရှိစေဖို့၊ ပြည်ပက မြန်မာနိုင်ငံ အတွင်းကို တင်သွင်းနေတဲ့ စားသောက်ကုန်ပစ္စည်းများရဲ့ အရည် အသွေးကို အကဲဖြတ်သိရှိနိုင်စေဖို့၊ ပြည်ပကိုစားသောက်ကုန် ပစ္စည်း တွေ တင်ပို့ရာမှာလိုအပ်တဲ့ ဓါတ်ခွဲစမ်းသပ်မှု အထောက်အထား တွေကို အချိန်နဲ့တစ်ပြေးညီဆောင်ရွက်ပေးနိုင်ဖို့အတွက် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများရဲ့ လမ်းညွှန်မှုနဲ့ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးဖို့၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနရဲ့ လမ်းညွှန်မှုကိုခံယူပြီး ဓါတ်ခွဲစမ်းသပ်မှုလုပ်ငန်းတွေကို စနစ်တကျမြန်မြန်ဆန်ဆန် အကောင်အထည် ဖော်နိုင်ရေးအတွက် တစ်ဘက် တစ်လမ်းမှ ကူညီဆောင်ရွက်ပေးဖို့အတွက်ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်က ထုတ်ပြန်ထားတဲ့ အမိုျးသားအစားအသောက် ဥပဒေမှာ ပါဝင်တဲ့ အချက်တွေ အကောင်အထည်ဖော်နိုင်ဖို့အတွက် အစားအသောက် နမူနာများရဲ့ ဓါတုနဲ့ အဏုဇီဝ ဓါတ်ခွဲစစ်ဆေးချက် များဟာ နိုင်ငံတကာ Codex ကော်မတီက သတ်မှတ်ထားတဲ့ စံချိန် စံညွန်းများနဲ့ ကိုက်ညီရမှာဖြစ်သလို အစားအသောက် ထုတ်လုပ်တဲ့ စက်ရုံတွေဟာG M P (Good Manufacturing Practice ) နဲ့အညီ ထုတ်လုပ်ဖို့လည်း ဗဟို အစားအသောက်နဲ့ ဆေးဝါးကြီးကြပ် ကွပ်ပဲရေး ကော်မတီက လမ်းညွန်ထားပါတယ်။ ဒါ့ကြောင့် G M P  နည်းလမ်းများဖြစ်တဲ့ ကုန်ကြမ်းဝယ်ယူချိန်ကစပြီး ပြုပြင်ထုတ်လုပ်၊ သယ်ယူပို့ဆောင်မှုနဲ့ သိုလှောင်မှု၊ ဖြန့်ဖြူးမှု တစ်လျှောက်လုံး လိုက်နာ ရမယ့်နည်းလမ်းတွေ၊စားသောက်ကုန်ထုတ်လုပ်တဲ့ အဆောက်အအုံ၊တည်ဆောက် ဖွဲ့စည်းပုံနဲ့ သန့်ရှင်းရေးဆောင်ရွက်ရမယ့်နည်းလမ်းနဲ့ ထုတ်လုပ်တဲ့စားသောက်ကုန်ရဲ့ အရည်အသွေး စစ်မှန် ကောင်းမွန်မှု ရှိကြောင်း အာမခံနိုင်တဲ့ ထုတ်လုပ်သူတွေက စားသောက်ကုန်စမ်း သပ် စစ်ဆေးတဲ့ နည်းလမ်းတွေကို စားသောက်ကုန်ထုတ်လုပ်သူ မှန်သမျှ သိရှိဖို့လိုအပ်ပါတယ်။ အဲဒီလို သိရှိနိုင်ဖို့ကို ကျွန်တော်တို့ ဓါတ်ခွဲခန်းက အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်နိုင်ရေး၊ အာမခံနိုင်ဖို့အတွက် လေ့ကျင့်ပညာပေးရေး သင်တန်းနဲ့ ဓါတ်ခွဲခန်းနည်းပညာသင်တန်းတွေကို ဂျပန်နိုင်ငံက ပညာရှင်တွေရဲ့ အကူအညီ ကိုရယူပြီး ပြည်တွင်းက သက်ဆိုင်ရာကျွမ်းကျင်ပညာရှင် တွေနဲ့ သင်တန်းဆွေးနွေးပြီး ဖြန့်ဝေပေးဖို့ စီစဉ်ထားပါတယ်။ နောက်တစ်ချက်က ပြည်ပကတင်သွင်းလာတဲ့ စားသောက် ကုန်တွေ ကိုလည်း အရောအနှောပါဝင်မှု၊ ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိမရှိဆိုတာကိုလည်း စမ်းသပ်ဖို့ အစီအစဉ်ရှိပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ အသင်းမှာ ပါဝင်တဲ့ စားသောက်ကုန် အမိုျးအစား ကဏ္ဍအလိုက်က အစုအဖွဲ့တွေထဲက နမူနာများရယူဖို့နဲ့ ရရှိတဲ့ နမူနာ များကရရှိတဲ့ အချက်အလက်(data)တွေ စုဆောင်းပြီး စမ်းသပ် တွေ့ရှိတဲ့ လိုအပ်ချက်တွေကို အသင်းအကြံပေးတွေက ထောက်ပြ အကြံပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။                                မြန်မာနိုင်ငံစိုက်ပျိုးရေးအခြေခံ စားသောက်ကုန် ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းက ဖွဲ့စည်းပြီး ဂျပန်နိုင်ငံအစိုးရရဲ့ ခေတ်မီဓါတ်ခွဲခန်းသုံးပစ္စည်းတွေ ထောက်ပံ့မှု ၊ စားသောက်ကုန်ဓါတ်ခွဲမှု နည်းပညာအကူအညီ၊ ဓါတ်ခွဲခန်းကျွမ်းကျင် ဝန်ထမ်းများ ဖြစ်အောင် သင်တန်းပေးတဲ့ အကူအညီတွေနဲ့အတူ အသင်းဝင် တွေရဲ့ ငွေကြေးထောက်ပံ့မှုတွေ ပူးပေါင်းပြီး စားသောက်ကုန်ပစ္စည်း ဓါတ်ခွဲစမ်းသပ်တဲ့ လုပ်ငန်းတွေကို ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ၁ရက် နေ့က စပြီး ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာ့စားသောက်ကုန် လုပ်ငန်း ကျွမ်းကျင်ပညာရှင်တွေနဲ့ စနစ်တကျဖွဲ့စည်းထားတဲ့ အကြံပေးအဖွဲ့ ကလည်း စံချိန်စံညွှန်းနဲ့ အရည်အသွေးထိန်းသိမ်းမှု နည်းပညာတွေ ကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်လို့ ရရှိတဲ့ အချက်အလက်တွေကို စားသောက်ကုန်လုပ်ငန်းရှင်တွေအတွက် ပံ့ပိုး ကူညီပေးနေပါတယ်။                         လက်ရှိဓါတ်ခွဲခန်းမှာရှိနေတဲ့ စက်ပစ္စည်းကိရိယာတွေနဲ့ ပထမအဆင့် ဓါတ်ခွဲစမ်းသပ်ခြင်းတွေကို ဆောင်ရွက်ပေးနေပါပြီ။ ပထမအဆင့်အနေနဲ့ အစားအသောက်မှာ ပါဝင်တဲ့ပစ္စည်းနဲ့ အာဟာရ တန်ဖိုးတွေ စမ်းသပ်ပေးခြင်း၊ အရေးပါတဲ့ ပိုးပါဝင်မှုကို စမ်းသပ်တဲ့ အဏုဇီဝပစ္စည်းပါဝင်မှု စမ်းသပ်ခြင်းနဲ့ ရေ အရည် အသွေးနဲ့ ပါဝင်တဲ့ ပစ္စည်းများစမ်းသပ်ခြင်းတွေ လုပ်ပေးပါတယ်။ ဒုတိယအဆင့် ဓါတ်ခွဲစမ်းသပ်ခြင်းလုပ်ငန်းမှာတော့ အစာဖြည့်စွက် ပစ္စည်းများပါဝင်မှု စမ်းသပ်ခြင်း၊ ပဋိဇီဝဆေးပစ္စည်းပါဝင်မှု စမ်းသပ်ခြင်း၊ မှိုဆိပ်နဲ့ အဆိပ်ရှိတဲ့ ဘက်တီးရီးယားပါဝင်မှု စမ်းသပ် ခြင်း၊ ပိုးသတ်ဆေးအြွကင်းအကျန်ပါဝင်မှု စမ်းသပ်ခြင်းနဲ့ ဆိုင်ရာ နိုက် အဆိပ်ပါဝင်မှု စမ်းသပ်ခြင်းတို့လုပ်မှာဖြစ်ပြီး၊ တတိယအဆင့် ဓါတ်ခွဲစမ်းသပ်ခြင်းလုပ်ငန်းမှာတော့ အဆိပ်သင့်စေတဲ့ သတ္တုပစ္စည်း ပါဝင်မှု စမ်းသပ်ခြင်း ပြုလုပ်မှာဖြစ်ပါတယ်။ ဒါပေမဲ့ လောလော ဆယ် အခြေအနေမှာတော့ ဒုတိယအဆင့်နဲ့ တတိယအဆင့်တွေ စမ်းသပ်ဆောင်ရွက်နိုင်တဲ့ စက်ပစ္စည်းကိရိယာတွေနဲ့ လိုအပ်တဲ့ အထောက်အကူပြု ပစ္စည်းတွေ ပြည့်စုံမှုမရှိသေးဘူးလို့ပါ။ ဒါတွေကို မကြာခင်ဆောင်ရွက်နိုင်ဖို့လည်း အသင်းကစီစဉ်ဆောင်ရွက်နေပါပြီ။                                     ဓါတ်ခွဲခန်းစတင်လည်ပတ်ဆောင်ရွက်တဲ့ ၂ဝ၁ဝ နိုဝင်ဘာလ ၁ ရက်ကစပြီး စားသောက်ကုန်လုပ်ငန်း မျိုးစုံကို စမ်းသပ်စစ်ဆေး ပေးခဲ့ကာ ဇန်နဝါရီလကုန်အထိ အမျိုးအစား ၄၈ မျိုးကျော်ရှိပါပြီ။ စမ်းသပ်ပြီးတဲ့ ကုန်ပစ္စည်းတွေက စားသုံးဆီ၊ မြေပဲဖတ်၊ လက်ဖက်၊ အကြော်ဆံ၊ သစ်သီးယို၊ ဖျော်ရည်အပြစ်၊ ဂျယ်လီ၊ ဂျင်၊ ကော်ဖီမှုန့်၊ လက်ဖက်အချိူခြောက်၊ အခါးခြောက်၊ ဂံျုမှုန့်၊ ကိတ်မုန့်လို မုန့်မိုျးစုံ၊ပဲငံပြာရည်နဲ့ ဝိုင်မျိုးစုံဖြစ်ပါတယ်။ ထုတ်လုပ်သူတွေက သူတို့ရဲ့ ထုတ်ကုန်တွေကို ခုလိုစစ်ဆေးထားခြင်းအားဖြင့် စားသောက်ကုန် တွေရဲ့ အာဟာရဆိုင်ရာအခြေအနေ၊ အရည်အသွေးအခြေအနေ၊ ကျန်းမာသန့်ရှင်းစင်ကြယ်မှုနဲ့ ပစ္စည်းစစ်မှန်မှုကို အာမခံနိုင်တဲ့ အချက်အလက်တွေ သိခွင့်ရပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် စားဆီတွေမှာ အရောအနှော ပါဝင်မှုရှိမရှိကို စစ်ဆေးခြင်းအားဖြင့် မိမိရဲ့ ပစ္စည်းစစ်မှန်ကြောင်းအာမခံနိုင်သလို၊ ပဲဖတ်လို ဆီဘေးထွက်ပစ္စည်းတွေမှာ ဆီပါဝင်မှုကို စစ်ခြင်းအားဖြင့် မိမိတို့ရဲ့ထုတ်လုပ်နိုင်မှုကို တိုးမြင့်နိုင်မယ့် အခွင့်အလမ်းတွေ ရရှိစေပါတယ်။ မိမိတို့ရဲ့ စားသောက်ကုန်တွေကို ဓါတ်ခွဲ စမ်းသပ်ထားခြင်းအားဖြင့် နိုင်ငံတကာကို တင်ပို့နိုင်မယ့် စံနှုန်းအရည် အသွေးတွေ ပြုပြင်လို့ရရှိသလို စားသုံးသူတွေအတွက်လည်း ကျန်းမာ ရေး လုံခြုံစိတ်ချမှု အာမခံချက်ပေးနိုင်မှာဖြစ်ပါတယ်။ ကျမတို့ ဓါတ်ခွဲခန်းဟာဆိုရင် တစ်ကမ္ဘာလုံးကို ကုန်သွယ်မှု ပြုနိုင်တဲ့ နိုင်ငံတကာအရည်အသွေး စံချိန်စံညွန်း (Codex Standard ) ကိုအခြေခံပြီး AOAC (Association of Official Analytical chemmists)  အဖွဲ့က ရှာဖွေပြုစုထားတဲ့ နည်းစဉ်တွေနဲ့ စမ်းသပ်ပေးနေတာဖြစ်ပါတယ်။ စိုက်ပျိုးရေးအခြေခံ စားသောက် ကုန်တွေကို အမျိုးအစားအလိုက် ကဏ္ဍ ၁၇ ခုခွဲခြားထားပြီး ပထမအဆင့်ဖြစ်တဲ့ အစားအသောက်မှာပါဝင်တဲ့ ပစ္စည်းနဲ့အာဟာရ တန်ဖိုးများ၊ အဏုဇီဝပစ္စည်းပါဝင်မှု၊ ရေအရည်အသွေးနဲ့ ပါဝင်တဲ့ ပစ္စည်းတွေကို စမ်းသပ်ပေးနေတာ ဖြစ်ပါတယ်။ နိုင်ငံတကာစံချိန်စံညွှန်းတွေအတိုင်း စားသောက်ကုန်တွေကို စမ်းသပ်ပေးနေသလို ြမန်မာနိုင်ငံရဲ့ ရာသီဥတု အနေအထားအရ မြန်မာ့ အစားအသောက် စံချိန်စံညွန်း (Myanmar Food Standard) တစ်ခုထွက်ဖို့ကိုလည်း စားသောက်ကုန်ကဏ္ဍ အသီးသီးက စာရင်းဇယားအချက်အလက်တွေရယူပြီး ကြိုးစားဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါတယ်။ နောက်ပြီး စားသုံးသူပြည်သူတွေ ယုံကြည်စိတ်ချစွာ စားသုံးနိုင်ရေးဈေးကွက်ထဲက စားသောက်ကုန်တွေကို Survey လုပ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်မရှိ၊မရှိကိုလည်း နောက်ပိုင်းမှာ ဆောင်ရွက်နိုင်အောင် ကြိုးစားသွားမှာဖြစ်ပါတယ်။ MIRT   

Tuesday, 25 Jan 2011

 ပဲစင်းငုံရာသီဝင်လာပြီ တာထွက်လည်းကောင်းနေပြီ ပန်းဝင်ကောင်းဖို့ သတိပြုစေလို           ပဲစင်းငုံရာသီစလို့လာပါပြီ။ ဈေးကွက်တွေထဲ ဖြေးဖြေးချင်းဝင်လာနေပြီ၊ မကြာခင်အဝင်လှိုင်လာတော့မှာပါ။ မနှစ်က ရာသီချိန်ကိုပြန်ကြည့်ရင် ဘုရင့်နောင် ဈေးကွက်မှာ ဈေးစဖွင့်တဲ့ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်မှာ ပဲစင်းငုံတစ်တန် ၈၅ဝဝဝဝ ကျပ် ဈေးနဲ့ တာထွက်ကောင်းခဲ့ရာမှ ၂ဝ၁ဝ ဒီဇင်ဘာလ ၂၄ ရက်မှာ တစ်တန် ၄၃ဝဝဝဝ ကျပ် ဈေးကို အဖျားရှုးကာ ဈေးနှုန်းအကျဘက်ဆင်းခဲ့ပါတယ်။ ဒီနှစ် ဈေးစဖွင့်တဲ့ ၂ဝ၁ဝ ဒီဇင်ဘာ ၃ဝ ရက်မှာတော့ ပဲစင်းငုံသစ်တစ်တန် ၅၃ဝဝဝဝ ကျပ်ဈေးနဲ့ တာစထွက်ခဲ့ပါတယ်။ ဒီနှစ်ဆန်း ဇန်နဝါရီလမှာတော့ ပဲစင်းငုံက ပြေးလမ်းပေါ်စ ရောက်လာတဲ့ မြင်းလိုအရှိန်မြင့်စ ဈေးတက်စပြုလာတာ သတိထားမိပါတယ်။ ဒါကြောင့် ပဲစင်းငုံဈေးကွက် မနှစ်က အဖြစ်အပျက်နဲ့ လက်ရှိ အလားအလာတို့ကို နှိုင်းယှဉ်ဖို့အတွက် မြန်မာပဲစင်းငုံဈေးကွက်နဲ့ အဓိက ဆက်စပ်နေတဲ့ ထုတ်လုပ်မှုရဲ့ ၉ဝ ရာခိုင်နှုန်းကျော် တင်ပို့နေတဲ့ အိန္ဒိယ ဈေးကွက် အနေအထားကို အရင်ဆုံးလေ့လာကြည့် ရမှာဖြစ်ပါတယ်။အိန္ဒိယဆောင်းပဲ စိုက်ဧက မနှစ်ကထက်ပို                    အိန္ဒိယနိုင်ငံမှာ ၂ဝဝ၉ ခုနှစ်က ပဲဈေးတွေ ထောင်တက်ခဲ့လို့ ပြီးခဲ့တဲ့ ၂ဝ၁ဝ မိုးရာသီမှာ တောင်သူတွေ စိုက်ဧကတိုးခဲျ့ခဲ့သလို ရာသီဥတုကလည်း အခြေအနေ မဆိုးခဲ့တာကြောင့် မိုးပဲမျိုးစုံတန်ချိန် ၆ သန်းအထိ ထွက်ရှိခဲ့တယ်လို့ ခန့်မှန်း ကြပါတယ်။ ဒါ့အပြင် ဆောင်းရာသီမှာလည်း စိုက်ဧကတွေ တိုးတက်စေဖို့ အစိုးရ က အနိမ့်ဆုံး ထောက်ပံ့ဈေးတွေ တိုးမြှင့်ပြီး ပဲပိုမိုစိုက်ဖို့ အားပေးခဲ့ပြန်ပါတယ်။ ဒါကြောင့်လည်း ၂ဝ၁၁ ဇန်နဝါရီလ ၁၄ ရက်နေ့ ရရှိတဲ့စာရင်းအရ ပဲမျိုးစုံ စိုက် ဟက်တာ ၁၄၅ သိန်းရှိခဲ့တဲ့အတွက် မနှစ်က ကာလတူစိုက်ဟက်တာ ၁၃၆ ဒသမ ၉၃ သိန်းထက်လည်း ၆ ရာခိုင်နှုန်း ပိုမိုစိုက်ခဲ့တယ်လို့ သိရပါတယ်။ မိုးပဲအထွက်ပိုလို့  ဈေးကွက်တွေမှာ ဈေးနှုန်းကျဆင်းခဲ့                 နိုဝင်ဘာလကုန် ဒီဇင်ဘာလဆန်းအထိ ရာသီဥတု မျက်နှာသာပေးခဲ့လို့ ဆောင်းပဲမျိုးစုံကို တန်ချိန် ၁ဝ ဒသမ ၈ သန်းထွက်မယ်လို့ အစိုးရက ခန့်မှန်းခဲ့ပြီး မိုးရောဆောင်းပါ တစ်နှစ်လုံးအနေနဲ့ ပဲမျိုးစုံတန်ချိန် ၁၆ ဒသမ ၈ သန်းအထိ မြင့်တက်မယ့် အလားအလာတွေရှိခဲ့ပါတယ်။ မိုးပဲအထွက် မနှစ်ကထက် ပိုခဲ့တာက ဈေးကွက်မှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းကို တိုက်ရိုက်သက်ရောက်စေခဲ့တာကြောင့် ပြီးခဲ့တဲ့ ၃ လ၊ ၄ လအတွင်း ပဲမျိုးစုံဈေးနှုန်းဟာ ၂ဝ ရာခိုင်နှုန်း၊ ၃ဝ ရာခိုင်နှုန်းလောက်အထိ ကျဆင်းခဲ့ပါတယ်။ တစ်နှစ်လုံးရဲ့ ၆ဝ ရာခိုင်နှုန်း အထွက်ရှိတဲ့ ဆောင်းပဲ အထွက် ပိုခဲ့မယ်ဆိုရင် ပြည်တွင်းပဲဈေးနှုန်းက အကျဘက်ကို ဆက်ဆင်းသွားဖို့ပဲ ရှိတယ်လို့ အများက ခန့်မှန်းခဲ့ကြပါတယ်။ ဒါက ထုတ်လုပ်မှုတိုးတက်လာရင် ဖြစ်လာနိုင်တဲ့ အခြေအနေပါ။     ရာသီဥတုဝင်ဖျက်လို့ ဆောင်းပဲအထွက်လျော့မယ် သတင်းတွေထွက်               ဒါပေမဲ့ အိန္ဒိယမှာ ရာသီဥတုက အများထင်သလို တစ်သမတ်ထဲ ကောင်းမလာဘဲ ဒီဇင်ဘာလဆန်းမှာ မိုးဝင်ဖျက်ခဲ့ပါတယ်။ အချို့ပဲစိုက်တဲ့ ဒေသတွေမှာ ရွာသွန်းတဲ့မိုးက ဆောင်းသီးနံှ တွေ အတွက် အစိုဓါတ်ကောင်းမွန် စေခဲ့ပေမဲ့ အချို့ပဲစိုက် ဒေသ တွေမှာတော့ မိုးများတဲ့အတွက် စိုက်ပြီးသားသီးနံှတွေ ပျက်စီးခဲ့ရပါ တယ်။ ဒါကြောင့် တချို့တောင်သူတွေက နှစ်ခါပြန်စိုက်ရတာတွေ ရှိတယ်လို့ သိရပါတယ်။ ရိတ်သိမ်းကာနီးနေပြီဖြစ်တဲ့ ပဲစင်းငုံပင် တွေလည်း မိုးမိလို့ ပျက်စီးမှုရှိသလို မိုးနဲ့အတူ နောက်ဆက်တွဲ မှိုကျတဲ့ရောဂါပိုးကြောင့် ပဲအထွက်ထိခိုက်နိုင်တယ်လို့ ခန့်မှန်းကြပါ တယ်။              အထူးသဖြင့် နိုင်ငံ စုစုပေါင်း ပဲထုတ်လုပ်မှုရဲ့ ၁ဝ ရာခိုင်နှုန်း ထုတ်လုပ်တဲ့ ကာနာတာကာမှာ ပဲစင်းငုံအထွက်ကျဆင်း မယ်လို့ သတင်းတွေအရ သိရပါတယ်။ အဲဒီပြည်နယ်မှာ မနှစ်က ပဲစင်းငုံဟက်တာ ၇၅ဝဝဝဝ စိုက်ပျိုးခဲ့ပြီး ယခုနှစ်မှာ ဟက်တာ ၈၃၃ဝဝဝ ထိ ပိုမိုစိုက်ပျိုးခဲ့ပါတယ်။ ပြည်နယ်ရဲ့ ပဲစင်းငုံ အဓိကထွက်ရှိရာ ဂူဘာကာခရိုင် တစ်ခုထဲမှာပင် ဟက်တာ ၄၈ဝဝဝဝ စိုက်ပျိုးခဲ့သလို အခြားခရိုင်တွေဖြစ်တဲ့ ဘီဂျပါ၊ ဘာဂါတော့၊ တိုင်ဒါနဲ့ ရိုင်ချာတို့မှာလည်း စိုက်ဧရိယာတွေ တိုးခဲျ့ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း ပြည်နယ်စိုက်ပျိုးရေး ဌာနက ယခု နှစ်မှာ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၄၇ သန်းကျော် ထွက်ရှိမယ်လို့လည်း ခန့်မှန်း ထားပါတယ်။ မနှစ်က အဲဒီပြည်နယ်က ပဲစင်းငုံတန်ချိန် ၂၈၂ဝဝဝ သာ ထွက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီခန့်မှန်း တွက်ချက်မှုဟာ ဒီဇင်ဘာ မိုးရွာသွန်းပြီးတဲ့နောက်မှာ ဆိုးဝါးစွာ ပြောင်းလဲလာခဲ့တယ်လို့ ဆိုပါတယ်။ အအေးလွန်ကဲလို့လည်း အချို့ဒေသတွေမှာ ပဲပင်များ ပျက်စီး                 ဂူဘာကာခရိုင်အတွင်းက Afzalpur ၊ Aland နဲ့ Jewargi  စတဲ့ မြို့နယ်အုပ်စု ၃ ခုမှာကိုဘဲ မှိုရောဂါကြောင့် ပဲစင်းငုံ ၄၅ ရာခိုင်နှုန်း နီးပါးပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် Sedam ၊ Chitapur နဲ့ Chinchal စတဲ့ မြို့နယ်အုပ်စုတွေမှာလည်း မိုးများလွန်းလို့ ပဲစင်းငုံ ၅ဝ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်ပျမ်းမျှ ထုတ်လုပ်မှုဟာ တစ်ဧကကို ၄ဝဝ ကီလို- ၆ဝဝ ကီလိုရှိရာမှ ၂ဝဝ- ၃ဝဝ ကီလိုခန့်ကို ကျဆင်းနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဒါ့အပြင် ဒီနှစ်ဆောင်းရာသီက ဒေသတိုင်းမှာလို အအေးပိုခဲ့သလို အိန္ဒိယနိုင်ငံ မဟာရပ်ရှတရာနဲ့ ကာနာတာကာတို့မှာလည်း အအေး လွန်ကဲလို့ ပဲစင်းငုံပင်တွေ ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။ လတ်တလော အိန္ဒိယ ပဲစင်းငုံဈေး အရှိန်အဟုန်နဲ့မြင့်လာ              လတ်တလောအိန္ဒိယနိုင်ငံ လက်ကားဈေးကွက်တွေမှာ ပဲစင်းငုံဈေးက အရှိန်အဟုန်နဲ့ကို မြင့်လာပါတယ်။ အဓိက အကြောင်း ရင်းတွေက မိုးမိတဲ့ဒေသနဲ့ အအေးပိုတဲ့ဒေသတွေက ပဲအထွက် ကျဆင်းတယ်ဆိုတဲ့ သတင်းတွေအရ လာမယ့်ကာလတွေမှာ ဈေးတက်နိုင်တယ်ဆိုပြီး ကုန်သည်တွေ ဝယ်လှောင်ကြတဲ့ အချက် လည်းပါသလို အစိုးရအေဂျင်စီတွေက အနိမ့်ဆုံး ထောက်ပံ့ဈေး တစ်တန် ရူပီး ၃ဝဝဝဝ အပြင် အပိုဆောင်းတစ်တန် ရူပီး ၅ဝဝဝ နဲ့ စုစုပေါင်း တစ်တန် ရူပီး ၃၅ဝဝဝ (ကန်ဒေါ်လာ ၇၆၉) ဈေးနဲ့ အချို့ဒေသတွေမှာ ဝယ်ယူတာကြောင့်လည်း ဈေးက မြင့်တက်လာ ရတာပါလို့ ဆိုပါတယ်။ အဓိကတော့ အေဂျင်စီတွေက သူတို့ဝယ်ယူ ဈေးထက် ဈေးကွက်ပေါက်ဈေးကို ပိုမြှင့်စေလိုတာကြောင့်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်ရှိကာလဟာ လက်ထပ်ပွဲနဲ့ ဘာသာရေး ပွဲတော်ကာလလည်းဖြစ်လို့ ပဲဝယ်လိုအားက လက်လီဆိုင်တွေမှာပါ တက်လာတဲ့အတွက် ဒီကာလက ပဲစင်းငုံဈေးမြင့်တက်ဖို့ အကြောင်း ဆုံလာတဲ့ ကာလဆိုရင်လည်း မမှားပါဘူး။ ဒါပေမဲ့လည်း တချို့ကုန် သည်တွေ ပြောတာတော့ သူတို့လက်ထဲမှာ ပဲစင်းငုံလက်ကျန်တွေက တော်တော်ရှိနေသေးတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဒေသ အချို့မှာလည်း ပဲစင်းငုံပင် မိုးမိပြီး အအေးဒဏ်ခံရတယ်လို့ ဆို                   လက်ရှိမိမိတို့ နိုင်ငံရဲ့ ဒေသအသီးသီးက ပဲစင်းငုံစိုက်ပျိုး ထုတ်လုပ်မှုကို ကြည့်မယ်ဆိုရင် စစ်ကိုင်းတိုင်း ဒေသကြီးအနေနဲ့ မုံရွာနယ်ဘက်မှာ ရာသီဥတုဖျက်ဆီးမှုမရှိလို့ မနှစ်ကထက် အထွက် ပိုမယ်လို့ ခန့်မှန်းပြီး ရွှေဘိုနယ်ဘက်မှာတော့ ပဲစင်းငုံပန်းပွင့်ချိန် မိုးမိပြီး အပွင့်တွေရိုက်ချသလိုဖြစ်လို့ အထွက်လျော့နိုင်တယ်လို့ ဆိုပါတယ်။ မကွေးတိုင်း ပခုက္ကူဘက်မှာတော့ လက်ရှိဈေးကွက် တွေကို လှိုင်လှိုင်ဝင်နေပြီဖြစ်ပြီး အထွက်နှုန်းဟာ မနှစ်ကထက်ပိုသလို အရည်အသွေးလည်း ကောင်းတယ်လို့ ကုန်သည်အများစုက ဆိုပါတယ်။ မန္တလေးတိုင်းကို ကြည့်မယ် ဆိုရင်တော့ မြင်းခြံနယ် ဘက်မှာ ပဲစင်းငုံစိုက်တဲ့ အချိန်က ရာသီဥတုပူပြီး မိုးမရှိလို့ စိုက်ချိန် နှစ်ပတ်လောက် နောက်ကျခဲ့ပါတယ်။ အပွင့်ဝင်ချိန် နောက်ကျပြီး အဲဒီအချိန် မိုးရွာတဲ့အတွက် အသီးနည်းလို့ အပင်ထွားပေမဲ့ မျှော်မှန်း သလောက်အထွက်နိုင်ဘူးလို့ ဒေသခံတွေကဆိုပါတယ်။ မိတ္ထီလာ နယ်ဘက်မှာတော့ မလှိုင်ဘက်က အထွက်နှုန်း ကောင်းနိုင်တယ်လို့ ဆိုပါတယ်။ မန္တလေး တစ်တိုင်းလုံးခြုံပြီး သုံးသပ်မယ်ဆိုရင်တော့ အခြားတိုင်းတွေလောက်မထွက်ပေမဲ့ မနှစ်က အခြေအနေ လောက်မဆိုးဘဲ အသင့်အတင့်တော့ ထွက်မယ်လို့ ဆိုပါတယ်။ လတ်တလော ဈေးကွက် တွေကိုလည်း ဝင်လာနေပြီဖြစ်ပြီး အရည် အသွေးအရလည်း မဆိုးဘူးလို့ သိရပါတယ်။ ရာသီဒဏ်ခံရပေမယ့် တစ်နိုင်ငံလုံးအနေနဲ့ အထွက်ပိုမယ်လို့ ကုန်သည်များ ခန့်မှန်း                အအေးပိုင်းဒေသတွေဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားမှာ ဒီနှစ်ရာသီဥတုက အအေးပိုတဲ့အတွက် ပဲစင်းငုံပင်တွေ နှင်းခါးရိုက်လို့ မြေနိမ့်ပိုင်းကျတဲ့ အပင်တော်တော်များများ ထိခိုက် ခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှ ထွက်လေ့ ရှိတဲ့ ရှမ်းပြည်နယ် တောင်ပိုင်းအနေနဲ့ အထွက်နှုန်းအထိုက် အလျောက် လျော့ကျနိုင်တယ်လို့ သိရပါတယ်။ ကယားပြည်နယ်မှာ လည်းအအေးပိုတဲ့အတွက် အထိုက်အလျောက် ထိခိုက်မှုရှိနိုင် တယ်လို့ ကုန်သည်တွေကခန့်မှန်းနေကြပါတယ်။ ရာသီဥတုပေါ် အခြေခံရတဲ့ သီးနံှတွေဖြစ်လို့ ရာသီမတူညီတဲ့ ဒေသအလိုက် သီးနံှအထွက်နှုန်းတွေကလည်း ကွဲပြားမှုရှိနေပါတယ်။ သီးနံှပျက်လို့ အထွက်လျော့တဲ့ဒေသနဲ့ အထွက်ပေါတဲ့ ဒေသအားလုံးခြုံငုံပြီး မိမိတို့ တစ်နိုင်ငံလုံး ပဲစင်းငုံအထွက်အနေနဲ့ ပျှမ်းမျှအားဖြင့် မနှစ်ကထက် တော့ ပိုမယ်လို့ အချို့ကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။အဝယ်ဆုံးတဲ့အတွက် ဇန်နဝါရီလဆန်းမှာ ပဲစင်းငုံဈေး ခုန်တက်ခဲ့ ပဲစင်းငုံအသစ် ထွက်ပြီး အရောင်းအဝယ်ဖြစ်နေတဲ့ အခြေအနေကို လေ့လာကြည့်မယ်ဆိုရင် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံတစ်တန်ကို ၅၂၅ဝဝဝ -၅၃ဝဝဝဝ ကျပ်ဈေးနဲ့ ဒီဇင်ဘာလ ကုန်၊ ဇန်နဝါရီလဆန်းမှာ စတင်ရောင်းဝယ်ခဲ့ကြရာက ဇန်နဝါရီလ ၆ ရက်မှာ ၅၇ဝဝဝဝ-၅၇၅ဝဝဝ ကျပ်ထိ တစ်တန်ကို ၅ သောင်းကျပ် ဝန်းကျင် ခုန်တက်ခဲ့ပါတယ်။ တစ်ပတ်လောက် ဈေးငြိမ်နေခဲ့ရာက ဇန်နဝါရီလ ၁၂ ရက်၊ ၁၃ ရက်မှာ တစ်တန် ၅၉ဝဝဝဝ-၅၉၅ဝဝဝ ကျပ်ကိုမြင့်တက်ခဲ့ပြီး ၁၄ ရက်မှာတော့ တစ်တန် ၆၆၅ဝဝဝ- ၆၈၅ဝဝဝ ထိ ခုန်ပံျကျော်လွှားမြင့်တက်ခဲ့ရာက ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ RC  တစ်တန်ကို ကျပ် ၇၈ဝဝဝဝ ထိဈေးတက်ခဲ့ပါတယ်။အဲဒီလိုဈေးတွေ မြင့်တက်လာ ရတဲ့ အဓိကအကြောင်းရင်းတွေက အိန္ဒိယမှာလည်း မျှော်မှန်းသလို ပဲအထွက်မတိုးဘဲ အထွက်ဆုတ်မဲ့ လက္ခာဏာကြောင့် အိန္ဒိယ ဝယ်လက်တွေ အဝယ်ရှိလာတာရယ် ပြည်တွင်းလှောင်လက်တွေ အဝယ် ဆုံလာကြတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ပဲကုန်သည်တစ်ဦး က ဆိုပါတယ်။ မနှစ်က ရာသီချိန်မှာဖြစ်ခဲ့တဲ့ အမြင့်ဆုံးနဲ့ အနိမ့်ဆုံးဈေးက တစ်ဆကျော်ကွာဟ                  မနှစ်က ပဲစင်းငုံဈေးကွက်ကိုကြည့်မယ်ဆိုရင် ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ပဲစင်းငုံပေါ်စ ဇန်နဝါရီလမှာ တစ်တန် ၈ သိန်း အထက်နဲ့ တစ်လလုံးရဲ့ ပျမ်းမျှဈေး ၈၅၈ဝဝဝ ကျပ်ရှိခဲ့ပြီး ဖေဖော် ဝါရီမှာလည်း ၈ သိန်းအထက်မှာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။          မတ်လမှာတော့ အိန္ဒိယမှာလည်း တစ်တန် ကန်ဒေါ်လာ ၉ဝဝ ကျော်ထိရှိခဲ့သလို ရန်ကုန်မှာလည်း တစ်တန် ၉ သိန်း အထက်ရှိခဲ့ပါတယ်။ ဧပြီနဲ့ မေလတွေမှာ အိန္ဒိယမှာ ကန်ဒေါ်လာ ၁ဝဝဝ ကျော်ခဲ့ပြီး ဘုရင့်နောင်ဈေးကွက်မှာလည်း တစ်တန် ၁ဝ သိန်းကျော်ခဲ့ပါတယ်။ ဇွန်လနောက်ပိုင်းမှာတော့ ပဲစင်းငုံဈေးက ၉ သိန်းကျော်ကနေ ကျဆင်းလာခဲ့ကာ ဇူလိုင်လမှာ ၇ သိန်းအထက်ထိ ရှိနေခဲ့ပေမဲ့ သြဂုတ်၊ စက်တင်ဘာလမှာတော့ ၆ သိန်းစွန်းစွန်းသာ ရှိခဲ့ပါတယ်။ နိုဝင်ဘာ၊ ဒီဇင်ဘာလတွေမှာတော့ တစ်တန်ကို ကန်ဒေါ်လာ ၅ သိန်းကျော်တဲ့အထိ ကျဆင်းခဲ့ပြန်ပါတယ်။ ၂ဝ၁ဝ ခုနှစ် အနေနဲ့ ဧပြီလပိတ်ရက်မှာ ၁၁ သိန်းနဲ့ အမြင့်ဆုံးဖြစ်ခဲ့ပြီး ဒီဇင်ဘာ နောက်ဆုံးပတ်မှာ ၄၃ဝဝဝဝ ကျပ်နဲ့ အနိမ့်ဆုံးဖြစ်ခဲ့တဲ့ ဈေးတွေကို နှိုင်းယှဉ်ရာမှာ တစ်ဆကျော်ကွာဟ နေတာတွေ့ရပါ တယ်။ ပဲစင်းငုံလှောင်လက်တွေ မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ ၂၀၁၀                       အရောင်းအဝယ်အခြေအနေကတော့ ၂ဝဝ၉ ခုနှစ်မှာ တစ်တန် ၁၁ဝဝ ကျော်အထိ ရောက်ရှိခဲ့တဲ့ဈေးကို ကုန်သည်ကြီးများ မျှော်မှန်းပြီး ဖေဖော်ဝါရီ၊ မတ်လတွေမှာ ဝယ်ယူစုဆောင်းခဲ့တဲ့ အတွက် ဈေးနှုန်းရော အရောင်းအဝယ်ပါ အသင့်အတင့်ဖြစ်ခဲ့ပေမဲ့ တောင်သူတွေကလည်း ဈေးအမြင့်မှန်းပြီး ရောင်းချမှုနည်းခဲ့တဲ့ အခြေအနေတွေ တွေ့ခဲ့ရပါတယ်။ တောင်သူနဲ့ နယ်ကုန်သည်တွေ ဈေးကိုင်ထားတဲ့အတွက် လှောင်လက်သမားတွေ ဈေးမြင့်ပေးဝယ်ယူ ခဲ့တဲ့ အရှိန်ကြောင့် ဧပြီ၊ မေလတွေမှာ ၂ဝ၁ဝ ရဲ့ ပဲစင်းငုံဈေး အမြင့်ဆုံး ၁ဝ သိန်းကျော်အထိ ရောက်ရှိသွားတာ ဖြစ်ပါတယ်။ ပဲစင်းငုံ လှောင်လက်သမားတွေအတွက် ၂ဝ၁ဝ ဟာ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့တဲ့ နှစ်ပါပဲ။ ပဲတီစိမ်းနဲ့ မတ်ပဲတွေ ဈေးကောင်း အရောင်းအဝယ်ဖြစ်ခဲ့ပေမဲ့ အိန္ဒိယမှာ ပဲစင်းငုံအထွက်ကောင်းခဲ့သလို အာဖရိကနိုင်ငံတွေဖြစ်တဲ့ မာလာဝီ၊ တန်ဇန်းနီးယားတို့ကလည်း ဈေးလျှော့ပြီး ရောင်းချခဲ့တာမို့ မြန်မာဘက်က အဝယ်နည်းခဲ့ပါတယ်။ အမှန်တော့ အိန္ဒိယအဝယ်လိုက်ချိန်မှာ မြန်မာဘက်က ကုန်သည် တွေ ဈေးကိုင်ပြီး အရောင်းထိန်းထားခဲ့တာကြောင့်လည်း ဈေးသက် သာတဲ့ဘက်က ဝယ်ခဲ့တဲ့သဘောပါ။ ပဲစင်းငုံအသစ်ထက် ဈေးသက်သာတဲ့ အဟောင်းကို အဝယ်ပိုတယ်လို့ဆို               လတ်တလောပြည်တွင်းဈေးကွက်မှာ အရောင်းအဝယ် သွက်နေတယ်ဆိုပေမဲ့ ပဲစင်းငုံအသစ် လက်ရှိ ဇန်နဝါရီလ ၂၁ ရက် ၤFOB ဈေးကတစ်တန်ကိုကန်ဒေါ်လာ ၉၃ဝ-၉၅ဝ ဖြစ်နေတာကြောင့် ဝယ်လက်တွေက ဈေးသက်သာတဲ့ ပဲစင်းငုံအဟောင်းကို တစ်တန် ကန်ဒေါ်လာ ၈၇ဝ-၈၉ဝ  USD  နဲ့ ပိုဝယ်လာကြတယ်လို့ ကုန်သည် တစ်ဦးက ဆိုပါတယ်။ ဒီဇန်နဝါရီလကုန် ဖေဖော်ဝါရီလအတွင်းမှာ မိမိတို့ပြည်တွင်းရော အိန္ဒိယမှာပါ ပဲစင်းငုံအသစ်တွေ လှိုင်လှိုင်ဝင် လာတဲ့ ကာလဖြစ်ပါတယ်။ ဈေးနှုန်းသဘောအရ ပစ္စည်းအဝင်များ တဲ့ အချိန်ဟာ ဈေးကျတတ်စမြဲမို့ ဒီကာလကိုတော့ တောင်သူတွေ သတိထားသင့်တယ်လို့ အကြံပြုချင်ပါတယ်။ မြန်မာမှာ အထွက်ပိုပြီး အိန္ဒိယမှာ အထွက်လျော့မယ်လို့ ခန့်မှန်းကြ             ပဲစင်းငုံထွက်ရှိမှု အလားအလာအနေနဲ့ ဒီနှစ်အိန္ဒိယဟာ မိမိတို့နိုင်ငံလိုပဲ ဒေသအလိုက်ဖြစ်ပေါ်တဲ့ ရာသီဥတုအရ သီးနံှ အထွက်နှုန်းကလည်း ဒေသအလိုက်ကွာခြားမှာဖြစ်ပါတယ်။ မိမိတို့ နိုင်ငံမှာ ပဲစင်းငုံဟာ အချို့ဒေသမှာ နှင်းခါးရိုက်လို့ အပင်တွေ ထိခိုက်ပေမဲ့ အဲဒီဒေသက ပဲစင်းငုံအများဆုံး စိုက်တဲ့ဒေသမဟုတ်လို့ တစ်နိုင်ငံလုံး ခြုံကြည့်ရင် မနှစ်ကထက် အထွက်ပိုမယ်လို့ ဒေသခံ တွေနဲ့ ကုန်သည်တော်တော်များများက ခန့်မှန်းကြပါတယ်။ အိန္ဒိယ နိုင်ငံအနေနဲ့ ပဲစင်းငုံအများဆုံးစိုက်တဲ့ ကာနာတာကာမှာ မိုးရွာပြီး မဟာရပ်ရှတရာမှာ အအေးဒဏ်ကြောင့် သီးနံှပျက်စီးမှု ဖြစ်တဲ့အတွက် အခြားပြည်နယ်တွေမှာ ပဲအထွက်မျှော်မှန်းသလို ထွက်နိုင်ပေမဲ့ တစ်နိုင်ငံလုံး အတိုင်းအတာအရတော့ မျှော်မှန်းထားတဲ့ ပမာဏအောက် ၂၅ ရာခိုင်နှုန်းလောက် လျော့ပြီး ထွက်မယ်လို့ ကုန်သည်တွေ ခန့်မှန်းကြပါတယ်။ အိန္ဒိယရဲ့အနိမ့်ဆုံးထောက်ပံ့ဝယ်ဈေးနဲ့ အာဖရိကပဲလက်ကျန်              ဈေးနှုန်းအလားအလာအနေနဲ့ လက်ရှိအိန္ဒိယနိုင်ငံ အတ္တရာပရာဒေ့ရှ်ပြည်နယ်မှာ အစိုးရပိုင် အေဂျင်စီဖြစ်တဲ့NAFED  ဟာ ပဲစင်းငုံတစ်တန်ကို MSP နဲ့ အပိုဆောင်းငွေအပါအဝင် တစ်တန်ကို ရူပီး ၃၅ဝဝဝ (ကန်ဒေါ်လာ ၇၆၉) နဲ့ တောင်သူတွေ ဆီက ဝယ်ယူနေလို့ ဈေးကွက်ပေါက်ဈေးက ဒီဈေးအောက်တော့ မရောက်နိုင်ဘူးလို့ ဈေးကွက်က ခန့်မှန်းကြပါတယ်။ လက်ရှိအနေ အထားအရ ဝင်ရောက်လာတဲ့ ပဲနဲ့ ဝယ်လိုအားမမျှတာကြောင့်လည်း ဈေးကောင်း ရနေတာဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ အိန္ဒိယ ဝယ်လက်တွေ ဈေးအနိမ့်နဲ့ ဝယ်နေတဲ့ အာဖရိက၊ တန်ဇန်းနီးယား၊ မာလာဝီတို့ရဲ့ ပဲအသစ်ထွက်ချိန်က မြန်မာနဲ့ အိန္ဒိယထက် စောပြီး စက်တင်ဘာ၊ အောက်တိုဘာလတွေဖြစ်တော့ အခုအချိန်မှာ သူတို့လက်ထဲ လက်ကျန်က နည်းနေပြီဆိုတဲ့ သတင်းပါပဲ။ ပဲကုန်သည်များ သတိထားပြုရမယ့် အိန္ဒိယအစိုးရနဲ့ ပဲစင်းငုံ မူဝါဒ            ဒါပေမဲ့ သတိပြုရမယ့် အချက်တွေလည်းရှိပါသေးတယ်။ အိန္ဒိယအစိုးရအနေနဲ့ ပြည်တွင်းစားသောက်ကုန် ဈေးနှုန်း မြင့်တက်မှု မဖြစ်အောင် ထိန်းချုပ်ခြင်းကို အဓိကအလေးထား ဆောင်ရွက် ခြင်းပါပဲ။ အထူးသဖြင့် ဆင်းရဲသားတွေ အားထားနေရတဲ့၊ တစ်နည်း အားဖြင့် အိန္ဒိယပြည်သူတွေရဲ့ အဓိကအစားအစာဖြစ်တဲ့ ပဲမျိုးစုံဈေး မတက်အောင်နဲ့ ဈေးကွက်မှာ ပြတ်လပ်မှုမရှိအောင် နည်းလမ်း မျိုးစုံသုံးပြီး ဆောင်ရွက်လေ့ရှိပါတယ်။ အစိုးရအနေနဲ့ ပဲတွေကို လျှော့ ဈေးနဲ့ ပြည်သူတွေကို ဖြန့်တာတစ်မျိုး၊ ကုန်သည်တွေ ပဲသိုလှောင်မှု ကို ကန့်သတ်တဲ့ ဆောင်ရွက်ချက်ကတစ်နည်း၊ ပဲစင်းငုံအစား ဈေးသက်သာတဲ့ ပဲဝါလေးတွေ ပြောင်းလဲစားခိုင်းဖို့ တစ်ဖုံနဲ့ မူဝါဒ တွေ အမျိုးမျိုးချမှတ် ဆောင်ရွက်ပါတယ်။ ဒါကြောင့် ပဲမျိုးစုံ အထွက် တိုးအောင် ဆောင်ရွက်နေသလို ရာသီဥတုအရ ထင် သလောက် ထွက်မလာတဲ့ ပဲစင်းငုံဈေး ခေါင်မခိုက်အောင်လည်း ထိန်းခုျပ်မယ့် အနေအထားရှိတာကိုတော့ ကုန်သည်တွေ သတိရှိစေချင်ပါတယ်။ မနှစ်က သာဓကလည်းရှိနေပါတယ်။ ဈေးကောင်းရဦးမှာ ပဲ၊ ဈေးတက်လာဦးမှာပါဆိုပြီး အဝယ်ရှိချိန် မရောင်းဘဲ ဈေးကိုင် ထားလို့ ကုန်သည်ကြီးတချို့၊ လှောင်လက်အချို့ ပဲစင်းငုံတွေ လက်ဝယ်ပိုက်ပြီး ဒေါ်လာသန်းချီဆုံးရှုံးမှုတွေရှိတယ်လို့ သတင်း စကား ကြားရပါတယ်။ ကုန်ပစ္စည်းဆိုတာ မရောင်းသင့်တဲ့ အချိန်မှာ မရောင်းဖို့လိုသလို ရောင်းသင့်တဲ့အချိန်မှာ ရောင်းချဖို့လည်း လိုအပ်ပါတယ်။ စီးပွားရေးအကိုျးအမြတ်ဆိုတာ ပုံသေတွက်ချက်လို့ ရတာမျိူးမဟုတ်တော့ မိမိလောဘတစ်ခုထဲ ရှေ့တန်းမတင်ဘဲ သတိပြုရမယ့်အချက်တွေကို သတိပြုပြီး ပဲလောက ရေရှည်ဖွံ့ဖြိူးရေး ကိုပါ ထည့်သွင်းစဉ်စားရောင်းဝယ်ကြဖို့တော့ အကြံပြုတိုက်တွန်း လိုက်ရပါတယ်။

Tuesday, 11 Jan 2011

 စီအယ်(လ်)အမ်ဗွီနှင့် တရုတ်နဂါးတို့ ကူးသန်းရောင်းဝယ်ကြရာတွင်                    စီအယ်(လ်)အမ်ဗွီ (CLMV)) ဆိုသည်မှာ အာဆီယံအဖွဲ့ဝင် လေးနိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် တို့ကို ၎င်း၏ အင်္ဂလိပ် အခေါ်အဝေါ် စာလုံးများ၏ ထိပ်ဆုံးအက္ခရာ များကိုယူ၍ အတိုကောက် ခေါ်လိုက်ခြင်းဖြစ်သည်။ ထိုအဖွဲ့ဝင်သစ် နိုင်ငံများသည် အာဆီယံမူလအဖွဲ့ဝင်ဟောင်း ၆ နိုင်ငံနှင့် နှိုင်းယှဉ် ကြည့်ပါက စီးပွားရေးဖွံ့ဖြိုးမှု၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နံှမှုမှစ၍ တစ်ဦးကျဝင်ငွေအဆုံး အခြေအနေအတော်များများတွင် ကွာဟမှု များ ရှိနေသည်။ သို့သော် အဖွဲ့ဝင်နိုင်ငံများ အားလုံးသည် ၂ဝ၁၅ ခုနှစ်တွင် အာဆီယံစီးပွားရေးအသိုက်အဝန်းတစ်ခု ဖန်တီးနိုင်ရေး အတွက် အစွမ်းကုန်သုံး၍ ကြိုးစားအားထုတ်နေကြသည်။                   စီအယ်(လ်)အမ်ဗွီလေးနိုင်ငံသည် ယဉ်ကျေးမှု ဓလေ့စရိုက် ဆင်တူပြီး သဘာဝသယံဇာတ အရင်းအမြစ်များ ပေါြွကယ်ဝသည့် မဲခေါင်မြစ်ဝှမ်းဒေသတွင် တည်ရှိနေ၏။ ထိုလေးနိုင်ငံ၏ မြောက်ဘက်နယ်နိမိတ်ကပ်လျက်တွင် စီးပွားရေး အလျင်အမြန် ဖွံ့ဖြိုးတိုး တက်လာနေသော တရုတ်နိုင်ငံရှိသည်။ နဂါးဟု အတင်စားခံ တရုတ်နိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ လိုအပ် ချက်ရှိလာသော သွင်းအားစု အရင်းအမြစ်များကို ပြည်တွင်းတွင် သာမက ပြည်ပတွင်ပါ ရယူနိုင်ရေးအတွက် ကမ္ဘာကို မျက်စိ ဒေါက်ထောက် ကြည့်နေတော့သည်။ ထိုအခြေအနေများအောက်တွင် တရုတ်နိုင်ငံသည် အတိတ်ကထားရှိခဲ့သော သဘောထားများနှင့် ကွဲပြားခြားနားစွာဖြင့် ကမ္ဘာ့ရေးရာကိစ္စရပ်များတွင် ပိုမိုတက်ြွကစွာ ပါဝင်လာခဲ့သည်။ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုစေရန်အတွက် ငြိမ်းချမ်းစွာဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရရှိရေးမူ ကို လက်ကိုင်ထားလျက် ကမ္ဘာ့နိုင်ငံတော်တော်များများနှင့် စီးပွား ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နံှမှုဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှု များ ပြုလုပ်ခဲ့သည်။ ၎င်း၏တောင်ဘက် တစ်လျှောက်တွင် ကပ် လျက်ရှိသော စီအယ်(လ်)အမ်ဗွီနိုင်ငံများနှင့်လည်း ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး၊ အိမ်နီးချင်းနိုင်ငံများနှင့် ချစ် ကြည်ရင်းနှီးစွာနေထိုင်ရေး စသည့်အစီအစဉ်အမျိုးမျိုး၊ မူဝါဒအမျိုးမျိုး ဖြင့် နယ်ပယ်ပေါင်းစုံတွင် ဆက်ဆံရေး ပိုမိုကောင်းမွန်မှုရရှိရန် အားထုတ်ဆောင်ရွက်နေသည်။ ဤသို့ဖြင့် စီအယ်(လ်)အမ်ဗွီနိုင်ငံများ သည် တရုတ်နဂါး၏ နည်းဗျူဟာအမျိုးမျိုးဖြင့် ချဉ်းကပ်မှုကို ကြုံတွေ့ နေရသည်မှာ ၁ဝ စုနှစ်တစ်ခုဝန်းကျင်မျှပင် ကျော်ခဲ့ပြီဖြစ်သည်။  (၁၁)ကြိမ်မြောက် ငါးနှစ်စီမံကိန်း၏ မျှော်လင့်ချက်များ            တရုတ်နိုင်ငံ၏ ၂ဝဝ၆ခုနှစ်မှ ၂ဝ၁ဝ ခုနှစ်အထိ ကာလကြာ မြင့်မည့် (၁၁)ကြိမ်မြောက် ငါးနှစ်စီမံကိန်းသည် တရုတ်နိုင်ငံအား မီးပြင်းတိုက်ခံရသကဲ့သို့ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်နေသော အခြေ အနေမှ စဉ်ဆက်မပြတ် မှန်မှန်တိုးတက်မှုရရှိမည့် အခြေအနေသစ် ဆီသို့ ဆွဲခေါ်သွားလိမ့်မည်ဟု တရုတ်တို့ကယုံကြည်ကြသည်။ ၂ဝ၁ဝ ခုနှစ်တွင် စားသုံးကုန်စည်များနှင့် ကုန်ထုတ်စွမ်းအားစုများ လက်လီ အရောင်း စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၄ဒသမ၈ ထရီလီ ယံရှိမည်ဟု မျှော်မှန်းလျက် နှစ်စဉ်တိုးတက်မှုနှုန်းမှာ ၈ရာခိုင်နှုန်း အထက် ရရှိနိုင်မည်ဟု တွက်ချက်နေကြသည်။ ထိုကာလအတွင်း ကုန်စည်ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၅ဝဝ ဘီလီယံမှ ၂၇ဝဝ ဘီလီယံသို့ ရောက်ရှိသွားနိုင်သည်ဟုလည်း ဆိုကြ သည်။ နှစ်စဉ် ကုန်သွယ်မှုကဏ္ဍတိုးတက်နှုန်းမှာလည်း ၁၅ရာခိုင်နှုန်း ဝန်းကျင်ဖြင့် ဘက်ညီကုန်သွယ်ရေးကို ဖန်တီးနိုင်လိမ့်မည်ဟုလည်း ထင်မြင်ခဲ့ကြသည်။ ထိုမျှော်လင့်ချက်များအတွက် တရုတ်နိုင်ငံအစိုးရ သည် ၂ဝဝ၆ ခုနှစ်ကတည်းက ၎င်း၏ ကုန်သွယ်မှုပေါ်လစီများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများပြုလုပ်ပြီး အပြောင်းအလဲများကို စီစဉ်ဆောင်ရွက်ခဲ့ကြသည်။ လက်ရှိဖြစ်ပေါ်နေသော အလျင်အမြန် အရှိန်အဟုန်နှင့် တိုးတက်နေမှုမှ ကဏ္ဍစုံသဟဇာတဖြစ်စွာ စီးပွားရေးအဆောက်အဦတစ်ခုလုံး ဖြည်းဖြည်းမှန်မှန် တိုးတက်နိုင်မှုသို့ ရောက်ရှိရေးသည် တရုတ်တို့မျှော်လင့်သော အနာဂတ် အလား အလာဖြစ်၏။ မျှော်လင့်ချက်ကို ရုပ်လုံးဖော်သည့် ပေါ်လစီများ                မျှော်လင့်ထားသော အခြေအနေများ ပုံသဏ္ဌာန်ပေါ်လာရေး ပံ့ပိုးနိုင်ရန် အဓိကပေါ်လစီနည်းလမ်းများကိုကျင့်သုံးခဲ့ရာ အောက်ပါ အတိုင်းတွေ့ရသည်။- တရုတ်ငွေကြေး ယွမ်လဲလှယ်နှုန်းနှင့်ပတ်သက်၍ အမေရိကန်ဒေါ်လာနှင့် မချိတ်ဆက်တော့ဘဲ အစီအမံဖြင့် အရှင် မျှော ငွေလဲလှယ်နှုန်းနယ်ပယ်ကို ကျင့်သုံးခြင်း။- စွမ်းအင်အသုံးပြုမှုများသော၊ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သော သဟဇာတကို စူးစိုက်ထုတ်လုပ်သည့် ထုတ်ကုန်များအပေါ် ပို့ကုန်ခွန်များ စည်းကြပ်ခြင်း။- စွမ်းအင်အသုံးပြုမှု များသော၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သော၊ သဟဇာတကို စူးစိုက်ထုတ်လုပ်သော လုပ်သားစူးစိုက် အသုံးပြုရသည့် တန်ဖိုးနိမ့် ထုတ်ကုန်များ ကို ပို့ကုန်ပြန်အမ်းငွေနှုန်းနှိမ့်ခြင်း။- ဈေးကွက်အခွင့်အလမ်း ကန့်သတ်ခံထားရသော၊ ပိတ်ပင် ထားသော စွမ်းအင်အသုံးပြုမှုများသည် ထုတ်ကုန်များ၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သော ထုတ်ကုန်များ၊ သယံဇာတကို စူးစိုက်ထုတ်လုပ်သော လုပ်သားစူး စိုက်အသုံးပြုရသည့် တန်ဖိုးနိမ့်ထုတ်ကုန်များနှင့် ပတ်သက် ၍ ပေါ်လစီညှိနှိုင်းပြင်ဆင်မှုများ ဆောင်ရွက်ခြင်း။- ပြည်တွင်းလုပ်ငန်းများအား နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုများဖြင့် လုပ်ကိုင်နေသည့် လုပ်သားများအပေါ် ကောက်ခံသည် ကွဲပြားနေသော ဝင်ငွေခွန်များကို တစ်ပြေးညီဖြစ်အောင် ဆောင်ရွက်ခြင်း။- နိုင်ငံခြားငွေကြေးအပေါ် ကန့်သတ်မှုများအား ဖြေလျှော့ခြင်းနှင့် ထိန်းချုပ်ထားသော နိုင်ငံခြားငွေကြေး သုံးပေးချေ မှုစနစ်ကို ပယ်ဖျက်ခြင်း။- သွင်းကုန်လိုင်စင်(သို့မဟုတ်) ကိုတာစနစ်များကို လျှော့ချခြင်း(သို့မဟုတ်) ပယ်ဖျက်ခြင်းများပြုလုပ်၍ သွင်းကုန် ပေါ်လစီကို ပြန်လည်ညှိနှိုင်းပြင်ဆင်ခြင်း။- အဆင့်မြင့် နည်းပညာထုတ်ကုန်များ၊ အချို့သော သယံဇာတ အခြေခံထုတ်ကုန်များ၊ ကုန်ကြမ်းများနှင့် အပိုပစ္စည်း များအပေါ် ထပ်ဆင့်တိုး တန်ဖိုးခွန်များ၊ သွင်းကုန်ခွန်များ လျှော့ချပေးခြင်း၊ ကင်းလွတ်ခွင့်များပေးခြင်း။  နဂါးအဖွင့်နှင့် စီအယ်(လ်)အမ်ဗွီ၏ သောက               တရုတ်နိုင်ငံ၏ စီးပွားရေးအင်အားပမာဏမှာ ကြီးမားလာနေ သောကြောင့် ကုန်ကြမ်းများ၊ သွင်းအားစုများ တင်သွင်းမှုမှာလည်း တိုးတက်လာမည်မှာ သေချာသည်။ ၂ဝ၁ဝ ခုနှစ်တွင် သွင်းကုန် ပမာဏမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂  ထရီလီယံအထိ ရှိလာ နိုင်မည်ဟုခန့်မှန်းကြသည်။ ယနေ့အခြေအနေတွင် တရုတ်နိုင်ငံ သည် ၎င်း၏ဈေးကွက်ကို တစ်နေ့တခြား ပိုမိုဖွင့်လှစ်၍ ကမ္ဘာသို့ စီးပွားရေး အခွင့်အလမ်းသစ်များ ကမ်းလှမ်းကာ ဆွဲဆောင်မှုများ အစွမ်းကုန်ပြုလုပ်နေပြီဖြစ်သည်။ ထိုသို့ တရုတ်နိုင်ငံက ၎င်း၏ ဈေးကွက်ကို ပို၍ဖွင့်လေလေ သဘာဝသယံဇာတ ပေါြွကယ်ဝသော တရုတ်၏တောင်ဘက် အိမ်နီးချင်း မဲခေါင်မြစ်ဝှမ်းဒေသမှ စီအယ်(လ်)အမ်ဗွီလေးနိုင်ငံအဖို့ ၎င်းတို့ပြည်တွင်းလုပ်ငန်းများအတွက် မျက်ခုံးလှုပ်လေလေဖြစ်သည်။                         စီအီအယ်(လ်)အမ်ဗ်ဗွီွ လေးနိုင်ငံအနေဖြင့် ၎င်း၏စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် မဆောင်ရွက်နိုင်ပါက (သို့မဟုတ်) ဆောင်ရွက်မှု နှေးကွေးနေပါက ၎င်းတို့၏ သယံဇာတကုန်ကြမ်းများသည် ၎င်းတို့ ပြည်တွင်းလုပ်ငန်းများအတွက် မဟုတ်နိုင် တော့ဘဲ တရုတ်ပြည် စက်မှုလုပ်ငန်းများ အတွက် သွင်းအားစုများဖြစ်သွားနိုင်ပေသည်။ ဆိုလိုသည်မှာ စီအယ်(လ်)အမ်ဗွီနိုင်ငံများရှိ လယ်ယာ၊ သားငါး၊ သစ်တော မူလထုတ်ကုန်ကဏ္ဌမှ ထွက်ကုန် အများစုသည် ကုန်ကြမ်းပို့ကုန်များ အဖြစ်သာ တရုတ်နိုင်ငံ စက်မှုလုပ်ငန်းများဆီသို့ အလုံးအရင်းဖြင့် ဝင်ရောက်သွားနိုင်ခြင်းဖြစ်သည်။ ထို့အပြင် တစ်ဖန်ပြန်၍ တရုတ်ပြည်မှ အလုံးအရင်းဖြင့်တင်ပို့လာမည့် ကုန်ချောများ၏ ဈေးကွက်ယှဉ်ပြိုင်မှုများကိုပါ ထပ်မံခံစားရ ပေလိမ့်မည်။ ထို့ကြောင့် ကုန်ကြမ်းများသာ တင်ပို့နေရသဖြင့် ပို့ကုန် ဝင်ငွေ နည်းပါးလာရခြင်း၊ ဈေးသက်သာလွန်းသော ကုန်ချောများကို ပြန်လည်တင်သွင်းနေသဖြင့် တည်ရှိနေသော ပြည်တွင်းလုပ်ငန်းများ ပျက်စီးလာနိုင်ခြင်း၊ လုပ်ငန်းသစ်ထူထောင်ရာတွင် အခက်အခဲများရှိ လာခြင်းတို့ ကြုံတွေ့လာရနိုင်ပေသည်။ ထိုအခြေအနေများမှတစ်ဆင့် ဆက်စပ်၍ စဉ်းစားတွေးတောလေလေ မေခရိုစီးပွားရေး အဆောက် အဦတစ်ခုလုံးအတွက် ဆင့်ပွားဖြစ်ပေါ်လာသော အခက်အခဲများ ပေါ်ထွက်လာလေလေဖြစ်သည်။ တရုတ်နိုင်ငံနှင့် ပတ်သက်၍ စီအယ်(လ်)အမ်ဗွီ နိုင်ငံများ၏အနာဂတ် မည်သို့ရှိမည်၊ မည်သည့် နိုင်ငံက မည်သို့ဖြင့် အခက်အခဲကြားမှ အခွင့်အလမ်းများရယူဆောင် ရွက်နိုင်မည်ဆိုသည်မှာ စိတ်ဝင်တစား စောင့်ကြည့်ဖွယ်ရာကောင်း သော ဖြစ်ရပ်တစ်ခုပင် ဖြစ်ပါတော့သတည်း။                                                                                                        Ref : China's Trade and Economic                                                                                                        Relation with CLMV by Hao Hangmei

Wednesday, 5 Jan 2011

ဖရီးထရိတ် အမြန်လမ်း နှင့် မက္ကရိုစီးပွားရေး အခြေခံမှုဖရီးထရိတ် ဧရိယာ                    အခုတလော ဖရီးထရိတ်အကြောင်း ပြောသံဆွေးနွေးသံများ ကြားရ၏။ အာဆီယံဖရီးထရိတ်ဧရိယာ (AFTA) ကို အပြည့်အဝ အကောင်အထည်ဖော်ရတော့မည်။ (၄၈)လသာ လိုတော့၏။ ၁ဝ နိုင်ငံပါဝင်သော အာဆီယံမှသည် အာဆီယံ+၃။ထိုမှသာ အာဆီယံ +၆ စသည်ဖြင့် ချီတက်လျက်ရှိသည်။ ၂ဝ၂ဝ ပြည့်နှစ်တွင် အကောင် အထည်ဖော်မည့် အာဆီယံစီးပွားရေး အသိုက်အဝန်း (AEC) အတွက် AFTA ဖြင့် ချီတက်နေသည်။                  ဖရီးထရိတ်၏ သဘောသည် နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးရှိသောWin-win situation  ဖြစ်၏။ ဖရီးထရိတ် ဧရိယာ ထူထောင်ခြင်း၏အကိုျးတရားအဖြစ် ကမ္ဘာ့စီးပွားရေးတွင် အာဆီယံ ၏ အရေးပါမှုပိုမို ထင်ရှားလာခြင်းကို တွေ့ရ၏။ သို့သော်လည်း အားလုံးသဘောတူထားသော ကတိကဝတ်များအတိုင်း လိုက်နာ ဆောင်ရွက်ဖို့လို၏။ ထိုသို့အကောင်အထည်ဖော်ရန် လိုအပ်သော် လည်း အချို့နိုင်ငံများတွင် လိုအပ်ချက်များရှိနေဆဲဖြစ်သည်။ ဥပမာမြန်မာနှင့် တရုတ်နိုင်ငံတို့၏ ကုန်သွယ်သော ကုန်ပစ္စည်းအမျိုးအမယ် ပေါင်း သောင်းဂဏန်းကျော်ရှိသည်။ သို့ရာတွင် မြန်မာနိုင်ငံနှင့် ကုန် သွယ်သော အချို့နိုင်ငံများ၏ တင်ပို့တင်သွင်းသော ပစ္စည်းအမျိုး အမည်မှာ ၄ဝဝ-၅ဝဝ ဝန်းကျင်သာရှိနေသေးသည်။ ဖရီးထရိတ်ဆို သော်လည်း ထိန်းချုပ်မှုများ များပြားနေဆဲပင်။ဖရီးဟိုက်ဝေးလမ်းမကြီး                  မြန်မာနိုင်ငံတွင် စာရေးသူတစ်သက် မတွေ့မြင်ခဲ့ဖူးသော ကောင်းမွန်ကျယ်ဝန်းသည့် အမြန်လမ်းမကြီး မကြာမီက ပေါ်ထွန်း လာခဲ့၏။ အသွားလမ်းနှင့် အပြန်လမ်း သို့မဟုတ် အတက်လမ်းနှင့် အဆင်းလမ်း ခွဲခြားထား၏။ ကျယ်ဝန်း၏။ ရှည်လျား၏။ လမ်းပန်း ဆက်သွယ်မှု လုံခြုံချောမွေ့၏။ သို့သော်အချို့နေရာများတွင် အကွေ့ အကောက်များရှိ၏။                    ဖော်ပြပါ အားသာချက်များကြောင့် နေပြည်တော်-ရန်ကုန် ခရီးလမ်းသည် ကျုံ့သွား၏။ ခရီးသွားလာချိန်သည် ထက်ဝက်ခန့် လျော့ကျသွား၏။ ရန်ကုန်တွင် မနက်စာစား၍ နေပြည်တော်တွင် နေ့လယ်စာ စား၏။ နေပြည်တော်တွင် နေ့လယ်စာစား၍ ရန်ကုန် တွင် ညစာစားဖြစ်၏။ အဆင်ပြေ၏။ အလုပ်တွင်ကျယ်၏။ ခရီး တွင်၏။                      ကားကောင်းကောင်းဖြင့် တစ်နာရီကီလိုမီတာ ၁၂ဝ ကျော် မောင်းလျှင် ရန်ကုန်-နေပြည်တော် ၄ နာရီခန့်ဖြင့် ရောက်၏။ ခရီးပေါက်၏။ အမြန်လမ်း ထက်ဝက်လောက်ရှိ ၁၁၅ မိုင်တွင် ခေတ်မီစားသောက်ဆိုင်ကြီးများရှိ၏။ ယာဉ်ရပ်နားရန် နေရာများ လည်း ကျယ်ဝန်း၏။ ညဘက်ဆိုလျှင် မီးရောင်များ ထိန်ထိန်ညီး လျက်ရှိ၏။  အမြန်လမ်းမကြီးသည် ကျယ်ဝန်းကောင်းမွန်သလောက် လွတ်လွတ်လပ်လပ် ရှိလှ၏။ ဖရီးဟိုက်ဝေး (Free highway) အဖြစ် တင်စားလို၏။ ခရီးလမ်းတစ်လျှောက် Toll ဂိတ်နှစ်ခုရှိ၏။                      ယာဉ်ထိန်းသူများကို မတွေ့မြင်ရ။ မကြာမီက သတင်းများကြားရ၏။ နေပြည်တော်-ရန်ကုန် အမြန်လမ်းတွင် ကားမှောက်၏။ မိသားစု ဘယ်နှစ်ယောက်ပါသွား၏။ နောက်တစ်မျိုးကြားရပြန်၏။ အဲဒီ မိသားစုနဲ့ မရှေးမနှောင်းမှာပဲ ရပ်ထားတဲ့ကားကို ဝင်တိုက်တာ ဖြစ်၏။ တစ်မျိုးသော သတင်း ပေါ်လာပြန်၏။ ''ကားမောင်း ရင်း အိပ်ငိုက်သွားတာ လမ်းလယ်မှာရှိတဲ့ အလယ်ကျွန်းကို ဝင်တိုက်တာတဲ့။ တော်သေးတယ်။ ဘေးဘက်ဆွဲသွားရင် ဒုက္ခ'' တဲ့။  ဦးအိမ်ချစ်ဆိုသူက တော့ ''ကျွန်တော်ကတော့ နေပြည်တော်ကထွက် ရန်ကုန် အိမ် အရောက် ၄ နာရီထက် မပိုစေရဘူး။ လမ်းမှာမနားဘူး။ ရန်ကုန်ရောက်တာ နောက်ကျ မှာစိုးလို့။ လမ်းမှာ ဖြုန်းလိုက်ရ မယ့် နာရီဝက်လောက်ကို နှမြောတယ်'' ဟူ၍ ဖြစ်၏။ မက္ကရိုစီးပွားရေးအခြေခံမူ                 မက္ကရိုစီးပွားရေး ဘာသာရပ်တွင် အခြေခံသဘောတရား ၁ဝ ရပ်ရှိ၏။ People face tradeoffs  ဟူသော အခြေခံမူ တစ်ရပ်ပါဝင် ၏။ ဆိုလိုသည်မှာ တစ်ခုခုကိုလိုချင်ရင် တစ်ခုခုတော့ ပေးဆပ်ရမှာ ပဲဟူ၏။ စွမ်းဆောင်ရည် (Efficiency) တိုးလျှင် မျှတမှု (Equity) လျော့နည်း၏။                ဖရီးထရိတ်ကိုကြည့်လျှင်လည်း ထိုသို့တွေ့မြင်နိုင်၏။ ဖရီး ထရိတ်ကို ကျင့်သုံးသည့်အတွက် လူအင်အား၊ ငွေအင်အား အား ကောင်းသောကုမ္ပဏီ (လုပ်ငန်း)ကြီးများ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်နိုင်၏။ တစ်ဖက်တွင် အများစုဖြစ်သော လူအင်အား၊ ငွေ အင်အားနည်းပြီး နုနယ်သေးသည့်လုပ်ငန်းများ ပျောက်ကွယ်သွားနိုင် သည်။ ဖရီးထရိတ် အလွတ်တန်းပြိုင်ပွဲကဲ့သို့ ဖြစ်မည်။ ထို့ကြောင့် ကြိုတင်ပြင်ဆင်ချိန်လို၏။ သို့ရာတွင် ကြိုတင်ပြင်ဆင်သည့် အဆင့် မှာပဲ ရပ်တည်နေ၍တော့မဖြစ်။ အမြန်လမ်းကိုကြည့်လျှင်လည်း ထိုသို့တွေ့မြင်နိုင်၏။ ဖရီး ဟိုက်ဝေးဖြစ်သောကြောင့် အချိန်သက်သာခရီးတွင်၍ စွမ်း ဆောင်ရည်ရှိ၏။ တစ်ဖက်တွင် ယာဉ်မတော်တဆမှုများ ပြင်း ထန်၏။ ထို့ကြောင့် မည်သည့်ယာဉ်မဆို ၁၁၅ မိုင်တွင် ခေတ္တ ရပ်နားရမည်။ စီးပွားရေးလုပ်ငန်းရှင် သို့မဟုတ် ဌာနဆိုင်ရာ အရာရှိကိုယ်တိုင် ယာဉ်မမောင်းရ၊ တစ်နာရီကီလို ၁ဝဝ ထက် ပိုမောင်းပါက ဥလနမ ျစနနိ ဖမ်းမည်။ အရက်မူး၍ ယာဉ်မောင်း လျှင် အရေးယူမည်။ မိုင် ၂ဝ အကွာတိုင်းတွင် ယာဉ်ထိန်းသူများ ထားရှိမည် သို့မဟုတ် CCTV ကင်မရာများ တပ်ဆင်ထားမည် စသည်ဖြင့် တစ်ခုခုတော့ ဝင်စွက်ဖို့လိုပြီဟု ယူဆမိ၏။                     မက္ကရိုစီးပွားရေးဘာသာရပ်တွင်လည်း ထိုသို့ရှိ၏။ ယာဉ် မတော်တဆဖြစ်ပါက ဒဏ်ရာပြင်းပြင်းထန်ထန် မရရှိစေရန် ယာဉ် မောင်းလျှင် ထိုင်ခုံခါးပတ်ပတ်ရမည်ဟူ၍ သတ်မှတ်လိုက်၏။ ထိုသို့ သတ်မှတ်လိုက်သည့်အတွက် ယာဉ်မတော်တဆဖြစ်မှု တိုးလာ၏။ အဘယ်ကြောင့်ဆိုသော် ခါးပတ်အားကိုးဖြင့် မဆင်မခြင်ပိုမောင်း လာသောကြောင့်ဖြစ်၏။                        ဖရီးထရိတ်တွင်Win-win  ကောင်းကျိုးများချည်းသာ ဖြစ် ပေါ်လာမည်မထင်ပါ။ ကိုယ်ခံအားကောင်းဖို့တော့ လိုမည်ထင်ပါသည်။ ကတိကဝတ်များကို လိုက်နာကြရမည်။ ဖရီးထရိတ်အမြန် လမ်းတွင် ခါးပတ်အားကိုးဖြင့် မဆင်မခြင်မောင်းသူတွေပါလာမည်။ မရပ်နားဘဲ အတင်းမောင်းနှင်သူများကို တွေ့ရှိရမည်။ စွမ်းဆောင် ရည်လည်း တိုးစေချင်ပါသည်။ မျှတမှုလည်း မယုတ်လျော့စေချင်ပါ။ အစိုးရက ဈေးကွက်စွမ်းဆောင်ရည်ကို တိုးတက်စေနိုင်သည်ဟူ၍ လည်း မက္ကရိုစီးပွားရေးအခြေခံမူတွင် ဆိုထားပါ၏။

Thursday, 30 Dec 2010

ကမ္ဘာ့ပဲ အများဆုံးတင်ပို့တဲ့ ကနေဒါ ဘယ်လိုစိုက်လို့ ဘယ်လိုပို့              ကမ္ဘာ့ပဲအများဆုံးတင်ပို့နေတဲ့ ထိပ်တန်းနိုင်ငံအဖြစ်ကို ရောက် လာတဲ့ ကနေဒါရဲ့ ပဲစိုက်ပျိုးထုတ်လုပ်မှုတွေကို မျက်ခြေမပြတ် ကြည့်ဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ချိန်တုန်းက အိန္ဒိယဈေးကွက်ကို ပဲတင်ပို့တဲ့နိုင်ငံထဲမှာ မြန်မာနိုင်ငံက အများဆုံးတင်ပို့ပြီး ကနေဒါက ဒုတိယနေရာမှာသာ ရှိပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ တော့ မျိုးကောင်းမျိုးသန့်တွေကို ရွေးချယ်စိုက်ပျိုးတာရယ်၊ ခေတ်မီ မြေညှိစက်တွေ၊ အတန်းလိုက် မျိုးစေ့ချစက်၊ ရိတ်သိမ်းေြွခလှေ့စက် တွေစတဲ့ လယ်ယာသုံးခေတ်မီ စက်ကိရိယာတွေကို သုံးစွဲတာရယ်၊ သုတေသနလုပ်ငန်းတွေကို စနစ်တကျ ဆောင်ရွက်တာတွေကြောင့် အိန္ဒိိယကိုပဲ အများဆုံးတင်ပို့တဲ့နိုင်ငံက ကနေဒါဖြစ်သွားပါတယ်။                ကနေဒါနိုင်ငံဟာ အိန္ဒိယမှာတောင် ရုံးဖွင့်ပြီး ပဲနဲ့ပတ်သက်တဲ့ သုတေသနလုပ်ငန်းတွေ သေသေချာချာလုပ်နေတာတွေလည်း ရှိပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ် ကနေဒါရဲ့ ပဲမျိုးစုံနဲ့ အထူးသီးနံှတွေ ထုတ်လုပ်မှုကိုကြည့်ရင် မနှစ်ကထက် ကျဆင်းပြီး တန်ချိန် ၅ ဒသမ ၆ သန်းသာ ထုတ်လုပ်နိုင်ပါတယ်။ ထုတ်လုပ်မှုကျဆင်းပေမယ့် လက်ကျန်များလို့ ရောင်းချမှုမှာတော့ ၄ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ပါတယ်။ ပြည်တွင်းသုံးစွဲမှုမှာလည်း တန်ချိန် ၁ ဒသမ ၃ သန်းအထိ မြင့်တက် နိုင်တယ်လို့ သိရပါတယ်။ Dry Peas  တင်ပို့မှု ပိုများလာမယ်လို့ ခန့်မှန်းတာကြောင့် ပြည်ပတင်ပို့မှုလည်း တိုးလာဖွယ်ရှိနေပါတယ်။ ပဲရာဇာတင်ပို့မှုမှာတော့ လျော့ကျလာဖို့ရှိနေပါတယ်။ ကနေဒါပဲမျိုးစုံရဲ့ ဈေးနှုန်းတွေကလည်း ၂ဝဝ၉-၂ဝ၁ဝ နဲ့ယှဉ်ကြည့်ရင် အတက် အကျရောထွေးဖွယ်ရှိနေပါတယ်။Dry Bean  ကုလားပဲတွေရဲ့ ဈေး ပိုမြင့်လာပြီး ပဲရာဇာ၊Dry Peas အုပ်စုတွေ ဈေးကျဖွယ် ရှိနေပါ တယ်။ မနှစ်က ကနေဒါ ဒေါ်လာကလည်း အမေရိကန်ဒေါ်လာ ထက် ဈေးခိုင်ခဲ့တယ်။ အဓိကအချက်ကတော့ ကမ္ဘာတစ်ဝန်း သီးနံှ တွေရဲ့ အခြေအနေနဲ့ ငွေလဲလှယ်မှုနှုန်းထားတွေကို စောင့်ကြည့်ရ မှာဖြစ်ပြီး အထူးသဖြင့် အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘူလ်တန်၊ သီရိလင်္ကာ၊ တူရကီနဲ့ သြစတြေးလျကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ကနေဒါနိုင်ငံရဲ့ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု၊ တင်ပို့မှုနဲ့ ဈေးနှုန်းတွေကို ဒီလိုတွေ့ရပါတယ်-              Dry Peas  စိုက်တာကိုပြောကြရအောင်။ ကနေဒါကDry Peas ထုတ်လုပ်မှုမှာလည်း အဓိကစိုက်ပိုျးတဲ့ စကတ်ရှ်ဝမ်ပြည်နယ် မှာ အထွက်နှုန်း ကျတဲ့အတွက် ၁၄ ရာခိုင်နှုန်းကျဆင်း ပြီး တန်ချိန် ၂ ဒသမ ၉ သန်းပဲ ထုတ်လုပ်နိုင်ပါတော့တယ်။ အထွက်နှုန်း တစ်ဟက်တာကို ၂ ဒသမ ၁၇ တန်ရှိ ပါတယ်။ Yellow Peas, Green Peas ထုတ်လုပ်မှုမှာလည်း တန်ချိန် ၂ ဒသမ ၃ သန်းနဲ့ ဝ ဒသမ ၃ သန်းအထိ ကျဆင်းခဲ့ပါတယ်။ ထုတ်လုပ်မှုကျဆင်းတော့ ရောင်းချ မှုကလည်း တန်ချိန် ၃ ဒသမ ၇ သန်းအထိ ၅ ရာခိုင်နှုန်း လျော့နည်းခဲ့ပါတယ်။Dry Peas  အုပ်စုထဲမှာ စားတော်ပဲနဲ့ Protein Pea  စတဲ့ ပဲတွေပါဝင်ပါတယ်။ ဒါပေမယ့် အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ သီရိလင်္ကာတွေရဲ့ ဝယ်လိုအား တိုးလာတာ ကြောင့် ပြည်ပတင်ပို့မှုမှာတော့ တန်ချိန် ၂ ဒသမ ၄ သန်းအထိ တိုးတက်လာမယ်လို့ ခန့်မှန်းရပါတယ်။ ပျမ်းမျှပေါက်ဈေးမှာတော့ ၂ဝ၁ဝ-၂ဝ၁၁ မှာ ပြည်ပဝယ်လိုအား ခိုင်မာလာခြင်း၊ လက်ကျန် နည်းမယ်မျှော်လင့်ရခြင်းတို့ကြောင့် ၂ဝ၁ဝ-၂ဝ၁၁ မှာ မြင့်တက်လာ မယ်လို့ မျှော်မှန်းရပါတယ်။                 နောက်တစ်မျိုးကတော့ ပဲရာဇာပါ။ ဒီပဲက သြစတြေးလျနဲ့ မြန်မာမှာလည်း စိုက်ပျိုးပါတယ်။ မြန်မာ့ပဲစင်းငုံ အိန္ဒိယဈေးကွက်ကို လုတဲ့ အစားထိုးပဲဖြစ်ပါတယ်။ ပဲရာဇာထုတ်လုပ်မှုမှာတော့ ၂ဝဝ၉- ၂ဝ၁ဝ ကနေ ၃ဝ ရာခိုင်နှုန်း တိုးတက်လာပြီး တန်ချိန် ၁ ဒသမ ၉ သန်းအထိ တိုးတက်လာဖွယ် ရှိနေပါတယ်။ အထွက်နှုန်းကတော့ တစ်ဟက်တာကို ၁ ဒသမ ၄၆ တန် ဖြစ်ပါတယ်။ ပြည်ပတင်ပို့မှုကို တော့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ သီရိလင်္ကာနဲ့ တူရကီကို တင်ပို့မှုနည်းတာကြောင့် ဒီနှစ်မှာ ကျဆင်းသွားမယ်လို့ မျှော်မှန်းရပါတယ်။ ပျမ်းမျှဈေးနှုန်းကတော့ ကနေဒါနဲ့ ကမ္ဘာ့ပဲရာဇာ ရောင်းချမှုတွေ မြင့်လာတာကြောင့် ၂ဝဝ၉-၂ဝ၁ဝ ပေါက်ဈေး ၆၄၅ ဒေါ်လာကနေ ကျဆင်းသွားဖွယ်ရှိနေပါတယ်။ အမေရိကန်၊ သြစတြေးလျနဲ့ တူရကီနိုင်ငံတွေရဲ့အပြိုင်အဆိုင်ပဲတင်ပို့မှုကြောင့် ကနေဒါ ဈေးနှုန်းကျဆင်းသွားမယ် မျှော် မှန်းရပါတယ်။                       Dry Beans ထုတ်လုပ်မှုမှာတော့ ကနေဒါက အွန်တာရီရို ပြည်နယ်မှာ အထွက်တိုးခဲ့တဲ့အတွက် တန်ချိန် ၂ ဒသမ ၅၄ သိန်း အထိ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ အထွက်နှုန်းကတော့ တစ်ဟက် တာကို ၂ တန်နှုန်းထွက်ပါတယ်။Dry Beans ထဲမှာတော့ မြေ ထောက်ပဲ၊ ထောပတ်ပဲ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲယင်း စတဲ့ပဲတွေပါ ပါတယ်။ ပြည်ပတင်ပို့မှုမှာတော့ ဂျပန်၊ အင်ဂိုလာ၊ ဒိုမီနီကန်စတဲ့ ဈေးကွက်ငယ်တွေက ဝယ်လိုအားနည်းလာတဲ့အတွက် ကျဆင်းသွားမယ် လို့ ခန့်မှန်းရပါတယ်။ ပျမ်းမျှဈေးနှုန်းကတော့ မြောက်အမေရိကရဲ့ ရောင်းချ မှုများတာကြောင့် မနှစ်က ၇ဝ၅ ဒေါ်လာကနေ ဒီနှစ်မှာ ၅၈ဝ ဒေါ်လာကနေ ၆၁ဝ ဒေါ်လာအထိ ကျဆင်းသွားမယ်လို့ ခန့်မှန်းရပါတယ်။                    ကုလားပဲကတော့ စိုက်ဧရိယာ များလာတာကြောင့် တန်ချိန် ၁ ဒသမ ၂၈ သိန်းအထိ တိုးတက်ထုတ်လုပ်လာနိုင်ပါတယ်။ တစ် ဟက်တာကို ၁ ဒသမ ၆၇ တန်နှုန်းထွက်ပါတယ်။ အိန္ဒိယဈေး ကွက် ကို မြန်မာ၊ သြစတြေးလျနဲ့အပြိုင် ပို့နေတဲ့ပဲပါ။ ကုလားပဲဖြူလုံးကြီး ထုတ်လုပ်မှုက မြင့်တက်လာပြီး ကုလားပဲဝါ ထုတ်လုပ်မှုကတော အရင်အတိုင်းဖြစ်ပါတယ်။ ပြည်ပတင်ပို့မှုကိုတော့ အရှေ့အလယ် ပိုင်းနိုင်ငံများ အမေရိကန်ပြည်ထောင်စုနဲ့ တောင်အမေရိက ဈေး ကွက်တွေက ဝယ်လိုအားများတဲ့အတွက် တိုးလာမယ်လို့ မျှော်မှန်းရပါ တယ်။                       ကနေဒါနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပဲအများဆုံး တင်ပို့တဲ့နိုင်ငံ ဖြစ်လာရတဲ့ အဓိကအကြောင်းရင်းတွေကတော့ မျိုးနဲ့ပတ်သက်ရင် စနစ်တကျ ဆောင်ရွက်တယ်။ သုတေသနလုပ်ငန်းတွေကိုလည်း သေချာရင်းနှီးမြူပ်နံှပြီး ဆောင်ရွက်တယ်။ ခေတ်မီလယ်ယာသုံးစက် ကိရိယာတွေကိုလည်း သုံးစွဲတယ်။ ရင်းနှီးမြူပ်နံှမှ အကျိုးအမြတ် ကောင်းကောင်းရရှိမယ်ဆိုတာ သိတယ်။ သူတို့ဆီက ပဲစိုက်တဲ့ မြေ အကျယ်အဝန်းက ကျယ်ဝန်းတယ်။ ဒါကြောင့် ခေတ်မီစက်တွေ သုံးနိုင်တယ်။ အလေအလွင့်နည်းတယ်။ အထွက်တိုးတယ်။ အထွက်တိုးတော့ တစ်ဟက်တာကုန်ကျစရိတ် လျော့သွားတယ်။ ဒါကြောင့် ပြိုင် ဘက်နိုင်ငံတွေနဲ့ ဈေးကွက်မှာ ယှဉ်ရောင်းနိုင်တယ်။ ဈေးသက်သက် သာသာနဲ့ ရောင်းနိုင်တယ်။ ဒီအချက်တွေက အခုအချိန်မှာ မီဒီယာ တွေကတစ်ဆင့် အဆက်မပြတ်ရေးသားနေကြတာကြောင့် အများစု က သိနေကြပါပြီ။ ပြောရမယ်ဆိုရင် လက်တွေ့လုပ်ကြဖို့၊ ပူးပေါင်း ဆောင်ရွက်ကြဖို့၊ စွန့်စားလုပ်ကိုင်လိုတဲ့ လုပ်ငန်းရှင်တွေလိုနေတာပါ။                     ဒါကြောင့် မြန်မာ့ပဲမျိုးစုံ ကမ္ဘာ့ဈေးကွက်မှာ တိုးခဲျ့ပြီး ထည်ထည် ဝါဝါနေ ရာယူနိုင်ဖို့ အသိစိတ်ဓာတ်နဲ့ တောင်သူ၊ ပဲအထူးပြုကုမ္ပဏီ တွေ၊ ပဲကုန်သည်တွေ ပူးပေါင်းဆောင်ရွက်ရမယ့်အချိန်အခါ ရောက် ပါပြီလို့ နှိုးဆော်လိုက်ရပါတယ်။

Tuesday, 14 Dec 2010

လက်ချင်းဆက် ၍ လက်တွေ့ဖြစ်စေရမည့် ပန်း စိုက်ပျိုးထုတ်လုပ်သူတို့၏ အိပ်မက်များပန်းပွင့်ကို ချစ်ခင်သူများ               မည်သူတို့သည် ပန်းပွင့်များကို အမှန်တကယ်ချစ်ခင်နှစ်သက်သူများ ဖြစ်သည်ဟု မေးမြန်းလာခဲ့ပါလျှင် ပန်းစိုက်ပျိုးသူများ၊ ပန်းကုန်သည်များ စသဖြင့် ပန်းနှင့်ပတ်သက်၍ဝမ်းစာရှာစီးပွားမှီခို နေသူများကို ညွှန်ပြ ရပေလိမ့်မည်။ သူတို့၏ ပန်းပွင့်တစ်ပွင့်ချင်းအပေါ် ဂရုစိုက်မှုများမှာ အခြားသူများထက် ပိုသည်။ အဘယ့်ကြောင့်ဆိုသော် ပန်းပွင့်များသည် ၎င်းတို့၏မိသားစု စားဝတ်နေရေး အပါအဝင် ဘဝရပ်တည်မှု အခြေအနေအရပ်ရပ်အတွက် ပံ့ပိုးအင်အားများဖြစ်သောကြောင့်ပင်။ လွန်ခဲ့သော နိုဝင်ဘာလကုန် မူဆယ် (၁ဝ၅)မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းသို့ လေ့လာရေး ခရီးသွားရောက်ခဲ့စဉ် ပန်းပွင့်များနှင့်ပတ်သက်၍ အကျိုးစီးပွား ဖြစ်ထွန်းမှု အားတက်စရာ သတင်းစကား ကြားလိုက်ရသောအခါ အသွားခရီးလမ်း တစ်လျှောက် တွေ့ခဲ့ရသော ပန်းစိုက်တောင်သူများကို သတိရလိုက်မိသည်။ မူဆယ်က ပန်းသတင်းစကား                   မူဆယ်(၁ဝ၅)မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေးနှင့် နယ်စပ် ကုန်သွယ်ရေးဦးစီးဌာတို့မှ ဌာနဆိုင်ရာအကြီးအကဲများနှင့် ကုန်သည်လုပ်ငန်းရှင်များ၊ စိုက်ပျိုး ထုတ်လုပ်သူများ တွေ့ဆုံပွဲပြုလုပ်ပြီး မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ကုန်စည် တင်ပို့နေမှုများ၊ အလားအလာရှိနိုင်မည့် ပို့ကုန်အမယ်များ၊ အနာဂတ်တွင် ဖြစ်ပေါ်လာမည့် အခွင့်အလမ်းများ၊ စိန်ခေါ်မှုများနှင့်ပတ်သက်၍ အချိန်ယူ၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။                 ထိုတွေ့ဆုံပွဲမှ ဆွေးနွေးချက်များကို နားထောင်နေရင်း ပန်းမျိုးစုံသည် အနာဂတ်အတွက် အလားအလာ ကောင်းသော ပို့ကုန် အမယ် ဖြစ်လာနေသည်ကို သတိပြုမိလိုက်သည်။ တရုတ်နိုင်ငံ ကူမင်းမြို့တွင် အလွန်ကြီးမားသောပန်းဈေးကွက်ကြီး ရှိပြီး တစ်နေ့ လျှင် ပန်းပွင့်ပေါင်း (ပန်းအခိုင်) နှစ်သန်းကျော် အရောင်းအဝယ် ဖြစ်နေပြီး ၎င်းတို့အထဲမှ ၂ဝ ရာခိုင်နှုန်းသည် ထိုင်းနိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့မှ တင်ပို့သောပန်းများဖြစ်နေသည်။ ထို့ပြင် တရုတ်နိုင်ငံတွင် ပြည်တွင်း ပန်းလိုအပ်ချက်ရှိနေဆဲဖြစ်ပြီး ပြည်ပသို့လည်း တိုးတက် တင်ပို့ လျက်ရှိသဖြင့် ကူမင်းပန်း ဈေးကွက်အနေဖြင့် ရောင်းလိုအား ပမာဏမှာ ဆက်လက်လိုအပ်လျက်ရှိနေမည်ဟု သုံးသပ်ကြသည်။ အကြောင်းတရားက ယူနန်ပြည်နယ်နှင့် နယ်နိမိတ်ခြင်း ထိစပ်လျက် ရှိသော မြန်မာနိုင်ငံအတွက် ပန်းစိုက်ပျိုးတင်ပို့မှု အလားအလာ များကို ညွှန်ပြနေပေသည်။ ခရီးတစ်လျှောက်တွင် သဘာဝ အလျောက် ပွင့်နေကြသောပန်းပွင့်များနှင့် စိုက်ပျိုးထားသော ပန်းပွင့် များကြားမှ ဖြတ်သန်းခဲ့ရသော စာရေးသူ၏စိတ်မှာ ယောက် ယက်ခတ်ပြေးလွှားနေသည်။ ပန်းမြို့တော်ပြင်ဦးလွင်မှ တရုတ်နယ်စပ် မူဆယ်မြို့ မိုင်းယုရွာကလေးအထိ ပန်းစိုက်ပျိုး ထုတ်လုပ်နေသည့် တောင်သူများကိုမြင်ယောင်မိပြီး ထိုသတင်းစကားကို ပါးချင်စိတ်ဖြစ် ပေါ်နေခြင်းဖြစ်သည်။ ရင်ခုန်စေသောပန်းအိပ်မက်                    ထိုသတင်းစကားများကြားရချိန်တွင် အံ့သြစရာဖြစ်သလို တပ်မက်စိတ်ဖြင့် လှုပ်ရှားနေမိသောကြောင့် အမှန်ပင် ရင်ခုန်စရာကောင်းနေတော့သည်။ ခရီးတစ်လျှောက်ဒေသများဖြစ်သည့် နောင်ချို၊ လားရှိုး၊ ပြင်ဦးလွင်ရှိပန်းစိုက် ပျိုးသူများ၊ ပန်းကုန်သည် များရရှိသည့် အကျိုးအမြတ်နှင့် ယူနန်ပြည်နယ် ကူမင်းဒေသရှိ ပန်းစိုက်ပျိုးသူတို့ ရရှိသည့်အကျိုးအမြတ်မှာ အဆများစွာ ကွာနေသည်ဟု သိရသောကြောင့်ပင်။ မြန်မာနိုင်ငံမှ ပန်းစိုက်ပျိုးသူ အများ စုမှာ တစ်ခါတစ်ရံအရှုံးနှင့် ရင်ဆိုင်ရတတ်ပြီး အားထုတ်မှုနှင့်မမျှသည့် အနည်းအကျဉ်းသော အမြတ်အစွန်းကိုသာ မရေမရာ အနေအထား နှင့် ရရှိနေသည်။ တရုတ်နိုင်ငံမှပန်းစိုက်ပျိုးသူများမှာ မက်မော လောက်စရာ အမြတ်အစွန်းများနှင့် အကျိုးဖြစ်ထွန်းနေသည်မှာ ဆယ်စုနှစ် နှစ်ခုလောက်ပင် ရှိနေခဲ့ပြီဖြစ်သည်။ ထိုကူမင်းဒေသ ပန်းစိုက်ပျိုးသူတို့၏ အကျိုးအမြတ်ဖြစ်ထွန်းမှုများနှင့် ပတ်သက်သည့် သတင်းစကားကိုဒေသခံတောင်သူများကို ပြောပြလိုက်သော အခါ တွင်လည်း စာရေးသူကဲ့သို့ပင် တအံ့တသြဖြစ်သွားကြသည်ကို တွေ့လိုက်ရသည်။ သို့သော် ၎င်းတို့၏ လင်းလက်တောက်ပသောမျက်ဝန်း များကို တွေ့လိုက်ရသဖြင့် မျှော်လင့်ချက်သစ်တို့အတွက် ရင်ခုန်နေကောင်း ခုန်နေမည်ဟုထင်မိသည်။ နောင်ချိုမှတစ်ဆင့် ပြင်ဦးလွင် သို့ ရောက်ရှိခိုက်တွင် ထိုဒေသရှိပန်းစိုက် ပျိုးသူတို့ထံမှ ပန်း အမျိုးအစားအပေါ် မူတည်၍ အကျိုးအမြတ်ရရှိမှုအခြေ အနေများ ကိုပါ ထပ်မံသိလိုက်ရသောအခါ ကူမင်းပန်းစိုက်ပျိုးထုတ်လုပ်သူ များသည် စာရေးသူတို့ဒေသရှိ ပန်းစိုက်ပျိုးသူများထက် လေးငါးဆ မကသော အကျိုးအမြတ်များရရှိနေသည်မှာ သေချာကြောင်း ပို၍ ရိပ်စားမိလိုက်သည်။ တရုတ်နိုင်ငံ ကူမင်းဒေသ ပန်းစိုက်ပျိုး ထုတ်လုပ် မှု လုပ်ငန်းမှ ကြီးမားသော အကျိုးအမြတ်များသည် စာရေးသူတို့ ဒေသရှိ ပန်းစိုက်တောင်သူတို့အဖို့မူ အိပ်မက်တွေများလားဟုပင် ထင်မှတ်စရာ ဖြစ်ပေလိမ့်မည်။ အိပ်မက်ဖော်သော ပန်းပျိုးလက်များကို ချိတ်ဆက်ပေးခြင်း                  ထိုအိပ်မက်များသည် ပကတိဖြစ်ရပ်ကိုစွဲလန်း၍မြင်မက်သော လက်တွေ့အကောင်အထည်ဖော်နိုင်သည့် အိပ်မက်များဖြစ်သည်။ သို့သော် ထိုအိပ်မက်များ အကောင်အထည်ဖော် နိုင်ရေး အားထုတ် သည့်အခါ ''စည်းလံုံံးခြင်းသည် ဈေးကွက်သို့ထိုးဖောက် အင်အားညီညွတ်ခြင်းဈေးကွက်ကို ထိန်းချုပ်စွမ်းအားဖြစ်သည်"  ဆို သည့်အချက်ကို ပန်းစိုက်တောင်သူတို့သဘောပေါက်ထားသည်။ ထို့ကြောင့် ပြန့်ကဲျစွာနေထိုင်ကြသော ပန်းစိုက်တောင်သူများ၊ အဆက် အစပ်မဲ့ တည်ရှိနေသော ပန်းစိုက်မြေကွက်များ၊ ချို့တဲ့လျက်ရှိသော မျိုးစေ့၊ နည်းပညာ၊ ငွေကြေးအပါအဝင် အရင်းအနှီးများ စသည်ဖြင့် အားနည်းလျက်ရှိသော ကုန်ထုတ်စွမ်းအားစုများကို စုစည်းစွာ ဆောင်ရွက်နိုင်မှသာ မျှော်လင့်ထားသကဲ့သို့ အကောင်အထည်ဖော် နိုင်မည် ဖြစ်ပေသည်။ ဤအချက်၏အရေးကြီး ပုံကိုသိရှိ၍ သက်ဆိုင် ရာဌာနများနှင့် UMFCCI  ကဲ့သို့ အဖွဲ့များမှ ကုန်စည်ဒိုင်များထူထောင်ပေးခြင်း၊ စိုက်ပိုျးထုတ်လုပ်သည့် ကုန်စည်အမျိုးအစားများကို မူတည်၍ အစုအဖွဲ့များ ဖွဲ့ပေးခြင်း စသည်တို့ကို ပံ့ပိုးဆောင်ရွက်ပေး လျက် ရှိသည်။                        ဈေးကွက်စီးပွားရေးစနစ်ဆိုသည်ကို အထိန်းအခုျပ်ကင်းမဲ့ခြင်း၊ လွတ်လပ်ခြင်းဆိုသည့် ကျမ်းရိုးသီအိုရီများ ညွှန်ပြသည့် သဘောတရားအတိုင်း တိုက်ရိုက်ထပ်တူအသုံးချ၍ မရနိုင်သေး သောဖွံ့ဖြိုးဆဲ နိုင်ငံများအနေဖြင့် ဈေးကွက်စနစ်ကို သုံးသည့်အခါ ဈေးကွက် အင်အားစုကို အခြေခံသော်လည်း ပထမခြေလှမ်းလှမ်းနေချိန်၌ အခါ မလပ်၊ သတိမပြတ်စောင့်ကြည့်နေရန် လိုသည်။ အားပျော့နေသော ဈေးကွက် အင်အားစုများကို ပညာပေးရန်၊ ပံ့ပိုးရန်၊ လိုအပ်ပါက ထိန်းကျောင်းပေးရန်လိုသည်။ ဤအချက်ကို ခေတ်သစ်စီးပွား ရေး ပညာရှင်တို့ ကောင်းစွာသဘော ပေါက်သည်။ ဈေးကွက်အတွင်း အလို အလျောက်ရှိနေသည်ဟုဆိုသည့် ကျမ်း ရိုးဘောဂဗေဒပညာ ရှင် စမစ်(သ်)၏ မမြင်ရသောလက်ကို ယုံကြည်မှု မဲ့နေသည်မှာ ကြာမြင့်ခဲ့ပြီ။ ပညာရှင် ကိန်း(စ်)၏ အစိုးရ ဝင်ရောက် ထိန်းကျောင်းမှု ဆိုသည့် ခလုတ်ကို ဈေးကွက်တွင် တပ်ဆင်ပေးခဲ့သည်မှာလည်း ၁၉၃ဝ ခုနှစ် ကမ္ဘာ့စီးပွားရေး ပျက်ကပ်ကာလ အလွန်ကတည်းကပင် ဖြစ်သည်။                        ထို့ကြောင့်ဈေးကွက်စနစ် အာရုဏ်ဦးကာလတွင် ပန်းစိုက်ပျိုး တောင်သူများ ဈေးကွက်အင်အားစု၏ကြီးမား သော အတက်အကျ လှုပ်ရှားမှုများကို ရှောင်လွဲှနိုင်ရေး၊ အရည်အသွေးကောင်း မွန်စွာ ထုတ်လုပ်နိုင်ပြီး သင့်လျော်သော ဈေးနှုန်းဖြင့် ပြည်ပဈေးကွက် ထိုးဖောက်နိုင်ရေးအတွက် ပန်းစိုက်ပျိုးသူများ၊ ပန်း ကုန်သည်များ ဒေသအလိုက် အစုအဖွဲ့ များဖွဲ့ကာ စည်းလုံးညီညွတ်စွာ ဆောင်ရွက် နိုင်ပါကThe Dream Comes True ဆိုသကဲ့ အိပ်မက်ကဲ့သို့ ထင်ခဲ့ကြရသော အကျိုးအမြတ်များ ဖြစ်ထွန်းရရှိမည် ဖြစ်ပါကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။

Wednesday, 8 Dec 2010

ပြန်ဆုံဦးမယ် မဏိရတနာ            ''မြေလွှာကိုဖွင့် ပြည်ကို မြှင့်အံ့" ဆိုတဲ့ ဆောင်ပုဒ်လေးကို ဖတ်ကြည့်စမ်းပါရှင်။ ဘယ်လို ခံစားရပါသလဲ။ ဘာကို ဆိုလိုတယ်လို့ ထင်ပါသလဲ။ ကျွန်မကတော့ ဒီဆောင်ပုဒ်လေး ဖော်ပြထားတဲ့ ဆိုင်းဘုတ်ကြီးရှေ့ မှာ ရပ်ငေးကြည့်ရင်း တစိမ့်စိမ့် ပီတိဖြစ်ခဲ့ရပါတယ်။ နိုင်ငံခြားသားတွေ၊ ပြည်ပ စီးပွားရေးပညာရှင်တွေက ပြောလေ့ရှိပါတယ်။  ''ခင်ဗျားတို့ နိုင်ငံဟာ သယံဇာတတွေ အများကြီးပေါများ တယ်၊ ဒါမျိုးဟာ နိုင်ငံတိုင်းမှာမရှိဘူး။ ကျွန်တော်တို့ နိုင်ငံတော်မှာ မရှိပါဘူး။ ဘုရားပေးတဲ့ ဆုပါ''တဲ့။ အဲလိုဘုရား ပေးတဲ့ဆုတွေ  အများကြီးရထားတဲ့ မြန်မာနိုင်ငံမှာ မြေပေါ်မြေအောက် သယံဇာတတွေ အများကြီးပါ။ အဲဒီသယံဇာတတွေထဲက တစ်ခုဖြစ်တဲ့  မြန်မာ့ကျောက်မျက်ရတနာတွေဟာ နိုင်ငံခြားငွေ အများဆုံးရှာဖွေပေးနိုင်တဲ့အပြင် ပြည်ပ Buyer တွေက အင်မတန် မက်မောလိုချင်လွန်းလို့ မြန်မာနိုင်ငံမှာ ကျင်းပတဲ့  ကျောက်မျက် ပြပွဲတွေမှာ တင်ဒါစနစ်တွေ၊ ဈေးပြိုင် စနစ်တွေနဲ့ ပြည်ပရတနာကုန်သည် တွေ ဖွေးဖွေးလှုပ် လာရောက်ဝယ်ယူကြ တဲ့အတွက် ရောင်းသူစိတ်ကြိုက် ရောင်းတဲ့ပွဲ၊ ရောင်းသူဈေးကွက်ဖြစ် နေတာ အားရစရာပါ။  ဒါကြောင့် ကျွန်မ ပီတိဖြစ်ခဲ့ရသလို နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမနားမှာ စိုက်ထူထားတဲ့  နှစ်လယ်မြန်မာ့ကျောက် မျက်ရတနာပွဲဆိုင်းဘုတ်က ''မြေလွှာကိုဖွင့်  ပြည်ကို မြှင့်အံ့''ဆိုတဲ့ ဆောင်ပုဒ်လေးနဲ့ အဲဒီမှာ ခင်းကျင်းပြသထားတဲ့ မြန်မာ့မြေလွှာကို ဖွင့်လှစ်ပြီး တူးဖော် ရရှိလာတဲ့ တန်ဖိုးရှိတဲ့ ကျောက်စိမ်း အတွဲတွေ၊  ကျောက်မျက်ရတနာတွေကို ယှဉ်တွဲမြင်ယောင် ခံစားကြည့်လိုက်ကြစို့လားရှင်။                  အခုတော့ နိုဝင်ဘာလ ၁၇ ရက်က စလိုက်တဲ့ ပထမဦးဆုံး ပွဲဦးထွက် နေပြည်တော်မှာ ကျင်းပတဲ့ ကျောက်မျက်ပြပွဲ ကြီးလည်း ၂၉ ရက်နေ့မှာ အောင်မြင်စွာနဲ့ ပြီးဆုံးသွားခဲ့ပါပြီ။ ပြပွဲ တစ်လျောက်လုံးမှာ ပြပွဲသတင်းတွေ၊ ပြပွဲကိုလာတဲ့ ရတနာကုန်သည် တွေနဲ့ အမေးအဖြေကဏ္ဍတွေကို စဉ်ဆက်မပြတ် MRTV နဲ့ မြဝတီ ရုပ်မြင်သံကြားတို့ကနေ လွှင့်ထုတ်ပေးခဲ့တာကြောင့် ကိုယ်တိုင် မရောက်နိုင်တဲ့ သူတွေလည်း ကျောက်မျက်ပြပွဲ ကြိတ်ကြိတ်တိုး စည်ကားမှုနဲ့အခြေအနေတွေကို တွေ့ကြရမှာပါ။ ဒီပွဲကို ကြည့်လိုက်ရင် မြန်မာတွေဟာ ကျောက်မျက်ပြပွဲမှာ အတွေ့အကြုံပြည့်ဝနေပြီး ကျွမ်းကျင် ပိုင်နိုင်တဲ့ စီမံခန့်ခွဲမှုတွေလုပ်နိုင်တာ တွေ့ရမှာဖြစ်ပါတယ်။                  ပြပွဲကာလအတွင်းမှာလည်း မြန်မာ့ကျောက်မျက် ရတနာပြတိုက် ဒုတိယထပ်မှာ တည်းခိုနေထိုင်ရေး ဆပ်ကော်မတီ၊ ကျွေးမွေး ဧည့်ခံရေးဆပ်ကော်မတီ ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီ၊ ပြန်ကြားရေး ဆပ်ကော်မတီနဲ့ ဆက်သွယ်ရေးဆပ် ကော်မတီတွေက ယာယီရုံးခန်းတွေ ဖွင့်လှစ်ပြီး ပြပွဲနဲ့ပတ်သက်တဲ့ကိစ္စတွေကို အဆင်ပြေအောင် ဂရုတစိုက် တက်တက်ြွကြွက ဖြေရှင်းဆောင်ရွက် ပေးခဲ့ကြတာ တွေ့ရတယ်ရှင့်။                 ကျောက်မျက်ပြပွဲကို လာတဲ့ ပြည်ပရတနာကုန်သည်တွေဟာ နေပြည်တော်က ဟိုတယ် (၂၄)ခုမှာ တည်းခိုသွားခဲ့ကြပါတယ်။ တည်းခို နေထိုင်စားသောက်မှုတွေ အဆင်ပြေအောင် တည်းခို နေထိုင်ရေး ဆပ်ကော်မတီက ကြိုတင်စီစဉ်ပေးခဲ့သလို နိုင်ငံ တကာ အဆင့်မီဟိုတယ်တွေကလည်း ဝမ်းပန်းတသာကြိုဆိုပြီး ဝန်ဆောင်မှု တွေ ကောင်းကောင်းပေးခဲ့တယ်။ သွားလာရေးအတွက်လည်း ဗန္ဓုလ  သယ်ယူ ပို့ဆောင်ရေးလီမိတက်က ပါရမီ တက္ကစီ အစီးရေ (၁ဝဝ)နဲ့ နေ့တိုင်းပြေးဆွဲပေးခဲ့လို့ အဆင်ပြေတယ်လို့ တည်းသွားတဲ့  ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်အများစုဆီက သတင်းကောင်း ကြားရပါတယ်။ လာကြတဲ့ပြည်ပက ရတနာကုန်သည်အများစုက တရုတ် လူမိုျးတွေများတာကြောင့် ဟိုတယ်စားသောက်ခန်းမတွေ၊ မဏိရတနာ ကျောက်စိမ်းခန်းမအနီးက စားသောက်ဆိုင် ၂၄ ဆိုင်အပြင် ရန်ကုန်ကနေ တရုတ်အစားအစာ အဓိကရောင်းချတဲ့ စားသောက်ဆိုင် ၈ ဆိုင်ကိုလည်း သီးခြားအစီအစဉ်နဲ့ ဖိတ်ကြားဖွင့်လှစ်  ရောင်းခ ပေးခဲ့တယ်လို့ သိရတယ်ရှင့်။                   ကျွန်မတို့ဆီကနေ ပြည်ပ ရတနာကုန်သည်တွေ ဘာတွေဝယ် သွားသလဲဆိုတော့ မြန်မာ့ပုလဲထုတ် လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်းနဲ့ ပြည်တွင်းပုလဲကုမ္ပဏီတွေရဲ့ ပုလဲအတွဲ တွေ တင်ဒါစနစ်နဲ့ အတွဲ ၂ဝ၇ တွဲ၊ ဈေးပြိုင်စနစ်နဲ့ အတွဲ ၃ဝ၊ အားလုံး ပုလဲ အတွဲ ၂၃၇ တွဲ ဝယ်သွားတယ်ရှင့်။ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ် ရေးလုပ်ငန်းနဲ့ ပြည်တွင်းကျောက်မျက် ကုမ္ပဏီများရဲ့ ကျောက်မျက် အတွဲကတော့ တင်ဒါစနစ်နဲ့ ၇ တွဲ၊ ဈေးပြိုင် စနစ်နဲ့ ၂၄ တွဲ၊ အားလုံး ၃၁ တွဲ ရောင်းခဲ့ရတယ်ရှင့်။ ကျောက်စိမ်းအတွဲ ကတော့ တင်ဒါစနစ်၊ ဈေးပြိုင်စနစ်နဲ့ ၇၇၈၄ တွဲ ရောင်းချရတယ်။ ကျောက်စိမ်းအတွဲ အများဆုံးဝယ်ယူတဲ့ဆုကိုတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ M/S Dragon Shield (Hong Kong) Co.,Ltd  ကရသွားတယ်ရှင့်။               ပြည်တွင်းပြည်ပ ရတနာကုန်သည်အားလုံး ၆၇၅ဝ လာပြီး၊ ပုလဲ၊ ကျောက်မျက်နဲ့ ကျောက်စိမ်းအတွဲတွေကိုကြည့်ပြီး အပြိုင်အဆိုင် ဝယ်ကြတဲ့ ပွဲကြီးပေါ့ရှင်။ အားလုံးပေါင်းရောင်းရငွေကို ကြည့်ရင် ခါတိုင်းပွဲတွေ ရောင်းရတာထက် အများကြီးကျော်လွန်ပြီး ဒေါ်လာ တစ်ဘီလီယံကျော် ရောင်းချခဲ့ရတယ်လို့ သတင်းရရှိပါတယ်။ ပြပွဲ နောက်ဆုံးနေ့မှာလည်း ထုံးစံအတိုင်း ကျွန်မရောက်ခဲ့လို့ သိရတာ လေးတွေကို ပြန်ပြီးဖောက်သည်ချတာပါ။ မြန်မာ့ကျောက်မျက်ရတနာပြတိုက် ဒုတိယထပ်မှာတော့ ပြည် တွင်းရတနာကုမ္ပဏီတွေက ရတနာအရောင်းဆိုင်တွေ ဖွင့်လှစ်ပြီး ရောင်းချခဲ့ပါတယ်။ လက်ဝတ်ရတနာတွေဟာ အရောင်စုံ ပြိုးပြိုး ပျက်ပျက်နဲ့ လှလိုက်တာ။ ပြည်တွင်း၊ ပြည်ပက ရတနာ ကုန်သည် တွေကလည်း နှစ်နှစ်ခြိုက်ခြိုက် ဝယ်ယူအားပေးနေကြတာတွေ့ရ ပါတယ်။ တရုတ်ကုန်သည်တွေကတော့ ကျောက်စိမ်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းရတနာကုန်သည်တွေက ပတ္တမြား၊ နီလာနဲ့ ပုလဲကို ပိုစိတ်ဝင်စား ဝယ်ယူကြပါတယ်။ ပြပွဲတစ်လျှောက် လုံးမှာလည်း ပြပွဲဗဟိုကော်မတီနဲ့ ဆပ်ကော်မတီတွေက တာဝန်ရှိတဲ့သူတွေ က စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးခဲ့လို့ မြန်မာ့ကျောက်မျက် ရတနာပြပွဲကြီး အခုလို အောင်အောင်မြင်မြင်နဲ့ ကျင်းပပြီးစီးခဲ့တာ ဖြစ်ပါတယ်။                       ပြပွဲပြီးလို့ ညနေစောင်း အပြန်မှာတော့ ခရမ်းရောင်ဝတ်စုံနဲ့ ရတနာကုန်သည် တရုတ်အမျိုးမီး လှလှလေးတစ်ဦးက ပြပွဲဘက်ကို လည်ပြန်ငေးရင်း ''ပြန်တော့မယ် မဏိရတနာ၊  တို့ပြန်တွေ့ ကြမယ်နော်'' လို့ ဖွဖွလေးနှုတ်ဆက် နေတာကို တွေ့မြင်လိုက်ရပါတယ်။ ကျွန်မကလည်း ခေါင်းမှာဆောင်းထားတဲ့ ဂံျု ဦးထုပ်လေးကို ချွြတ်ပီး ဝှေ့ယမ်း နှုတ်ဆက်ခဲ့ပါတယ်။ ''မြေလွှာကိုဖွင့်  ပြည်ကိုမြှင့်နေတဲ့ မဏိရတနာရေ.. နောက်တစ်ကြိမ် ပြန်ဆုံကြဦးမယ်" လို့  

Thursday, 2 Dec 2010

အိမ်ခြံမြေဈေးကွက်အလားအလာ                     မကြာမီကာလမှာ နှစ်တစ်နှစ် ကုန်ဆုံးတော့မှာပါ။ နှစ်တစ်နှစ်ကုန်ခါနီးတိုင်း နိုင်ငံရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ အနုပညာကဏ္ဍစတဲ့ကဏ္ဍစုံ၊ နေရာစုံမှာရှိနေကြတဲ့ ပုဂ္ဂိုလ်တိုင်းဟာ တစ်နှစ်တာအတွင်း  ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေကို အောင်မြင်မှု၊ ဆုံးရှုံးမှု၊ ရပ်တည်နိုင်မှုစတဲ့ပေတံတွေနဲ့ ပြန်လည်တိုင်းတာကြပြီး ရှေးအလား အလာကိုလည်း မျှော်တွေးကြတာသဘာဝပါ။ အဲဒီကဏ္ဍတွေထဲက အိမ်ခြံမြေဈေးကွက်အလားအလာတွေနဲ့ ပတ်သက်ပြီး လက်ရှိဖြတ်သန်းလုပ်ကိုင် နေတဲ့လုပ်ငန်းရှင်များနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။သမင်လည်ပြန် ၂ဝဝ၉ အိမ်ခြံမြေ               ၂ဝဝ၉ ခုနှစ်ကို ကမ္ဘာစီးပွားရေး အကျပ်အတည်းကာလလို့ ပြောလို့ရတယ်။ ၂ဝဝ၈ ခုနှစ် နှစ်ကုန်လောက်ကစခဲ့တဲ့ ကမ္ဘာ့စီးပွားရေးအကျပ်အတည်း ကာလဟာ ၂ဝဝ၉ စက်တင်ဘာ၊  အောက်တိုဘာလလောက်မှာမှ ရပ်သလိုရှိခဲ့ပြီး နိုဝင်ဘာလလောက်မှာ ကမ္ဘာ့စီးပွားရေးဦးပြန်မော့ချင်လာခဲ့တာကြောင့် ၂ဝဝ၉ ခုနှစ် နိုဝင်ဘာ၊ ဒီဇင်ဘာလောက်ကစပြီး ပြည်တွင်း အိမ်ခြံမြေတွေ  ဈေးပြန်ကောင်းလာတယ်။ ၂ဝဝ၉ ခုနှစ်ကို ပြန်လှည့်ကြည့်ရင် စီးပွားရေးကဏ္ဍတွေဟာ လေးပင်ခဲ့ပါတယ်''လို့ ဝါရင့်စီးပွားရေး ပညာရှင်တစ်ဦးက သုံးသပ်ပြောပြပါတယ်။          ၂ဝဝ၉ ခုနှစ်အိမ်ခြံမြေဈေးကွက်နဲ့ပတ်သက်ပြီး ကမ္ဘာ့စီးပွားရေးအကျပ်အတည်းပြဿနာကြောင့် အိမ်ခြံ မြေဈေးကွက်မှာ နှစ်လယ်ကျောက်မျက်ပြပွဲမှာ ကျောက်အောင်သူတွေရှိခဲ့လို့  ဈေးကွက်မြူးတာရှိခဲ့တာက လွဲရင်၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး လေလံတွေက အိမ်ခြံမြေဈေးကွက်ကို ဖိထားတဲ့သဘောရှိပြီး နာလန်မထူနိုင်ဘူး။ ဈေးကွက် ပြန်လှုပ်မယ်ကြံရင် လေလံတွေက  ရှိလာခဲ့ပြန်တယ်။ လေလံတွေကို အများစုက အာရုံစိုက်ခဲ့ကြတဲ့ အခြေအနေပါလို့ အဆိုပါ ပုဂ္ဂိုလ်ရဲ့ပြောပြချက်အရ သိရပါတယ်။မျှော်လင့်ချက်တွေပခုံးပေါ်ထမ်းကူးလာတဲ့ ၂ဝ၁ဝ               အိမ်ခြံမြေဈေးကွက်ဟာ ၂ဝ၁ဝ နှစ်သစ်ကို ကူးလာခဲ့ပါပြီ။ မျှော်လင့်ချက်တွေကို ပခုံးပေါ်ထမ်းပြီး စိတ်ကူးတွေနဲ့ မြူးမြူးလေး အကူးကောင်းကောင်းနဲ့ ကူးလာခဲ့တာပါ။ '' ၂ဝ၁ဝ  ပွင့်လင်းရာသီတစ်လျှောက် အရောင်းအဝယ်သွက်ပါတယ်။ လုံးချင်းအိမ်ခြံမြေတွေ ဟာ အဝယ်လိုက်တယ်။ ကွန်ဒိုတိုက်ခန်းတွေ အငှားလိုက်တယ်။ စက်မှုဇုန်မြေကွက်တွေ၊ ဂိုဒေါင်တွေ  အဝယ်လိုက်တယ်။ ဘာကြောင့်လဲဆိုရင် ၂ဝ၁ဝ မှာပြုလုပ်မဲ့ ရွေးကောက်ပွဲကို စိတ်ကူးပြီး ပုံဖော်ခဲ့တာရယ်။ ၂ဝ၁ဝ ထဲမှာ ပုဂ္ဂလိကပိုင်ပြုလုပ်တဲ့လေလံတွေ မနှစ်ကလိုဆက်တိုက်မရှိဘူး။ လေလံတွေ  အတော်နည်း သွားတယ်။ နောက်တစ်ခုက ကမ္ဘာ့စီးပွားရေးကျဆင်းမှုကနေ နာလန်ထပြီး ပြန်အားကောင်းလှုပ်ရှားလာတဲ့ အနေအထားဈေးကွက်ကို လှုပ်နိုးခဲ့တဲ့ အခွန်စနစ်သစ်က ၂ဝ၁ဝ  နှစ်လယ်မိုးကာလမှာ ၂ နှစ်သက် တမ်းအပြင် ၊ ၁ နှစ် သက်တမ်း တိုးပြီး ကုန်ဆုံးမဲ့ အချိန်ဖြစ်တယ်။ အဲဒီအခွင့်အလမ်းကို အမိအရယူနိုင်ဖို့ အရောင်းအဝယ်တွေကို သွက်သွက်လက်လက်  လုပ်ကြတာလည်းပါပါတယ်။ အဲဒီကာလမှာ ရွှေဈေးနှုန်း တွေက အတက်ဘက်ကို ဦးတည်လှုပ်ရှားလာတယ်။ အဲဒီကာလတုန်းက ရွှေလက်ဝယ်ထားရှိသူတွေက ရွှေတွေ ပြန်ထုတ်ပြီး အိမ်ခြံမြေဘက်  ပြောင်းလဲမြှုပ်နံှလာတဲ့ အခြေအနေရှိတယ်။ ဒါ့ကြောင့် ၂ဝ၁ဝ ခုနှစ်မှာ သြင်္ကန်ကာလအခိုက်အတန့်ကလွဲရင် သြင်္ကန်ပြီးကာလအထိ ဈေးကွက်ခပ်သွက်သွက်နဲ့ ဖြတ်သန်း လာခဲ့ကြတယ်''လို့  မဏ္ဍိုင်အိမ်ခြံမြေကုမ္ပဏီက ဦးသန်းဦးက ဆိုပါတယ်။အမြူးဆုံးဈေးကွက်နဲ့ နှစ်လယ်အိမ်ခြံမြေ                ရွေးကောက်ပွဲကိုဘယ်နေ့ဘယ်ရက်လုပ်မယ်ဆိုတာ မေလထဲမှာ ကြေညာချက်နဲ့အတူ အိမ်ခြံ မြေ ဈေးကွက်ဟာ ပိုြွကလာခဲ့ပါတယ်။ ဧပြီလထဲက သြင်္ကန်ပိတ်ရက်ရှည်အရှိန်နဲ့  မေလပထမပတ် လောက်ပဲ အရောင်းခပ်ဆိုင်းဆိုင်းရှိခဲ့ပေမယ် ဈေးကွက်အတော်ကောင်းလာခဲ့ပါတယ်။ အထူးသဖြင့် အခွန်စနစ်သစ်သက်တမ်း ကုန်ဆုံးတော့မယ့် သြဂုတ်လ မတိုင်ခင် ဇွန်၊  ဇူလိုင်လတွေဟာအရောင်းအဝယ် အမြူးသွက်ဆုံးအနေအထားမှာ ရှိပါတယ်။ အခွန်စနစ်သစ်ရဲ့ သက်တမ်းတိုးကာလ မကုန်ခင် အခွန်စနစ်သစ်ရဲ့ တရားဝင်အသိအမှတ်ပြုမှုအောက်မှာ  အရောင်းအဝယ်ဖြစ်ချင်ကြတဲ့အတွက် အဲဒီ ကာလတွေမှာတွန်းပြီး အိမ်ခြံမြေ အရောင်းအဝယ်လုပ်ကြတဲ့ သဘောရှိပါတယ်။ အခွန်စနစ်သစ်ရဲ့ အခွင့်အလမ်းတွေကို  အမိအရယူရောင်းဝယ်လုပ်ချင်ကြတော့ ဈေးကွက် အတော်သွက်ခဲ့တာပါလို့ ရန်ကုန်မြို့ အနော်ရထာလမ်းနဲ့ ပန်းဆိုးတန်း လမ်းထောင့်အနီးရှိ အိမ်ခြံမြေ ကုမ္ပဏီ တစ်ခုက လုပ်ငန်းရှင် တစ်ဦးက အတည်ပြုပြောကြားပါတယ်။           '' ၂ဝ၁ဝ နှစ်လယ်လောက်မှာ အိမ်ခြံမြေထဲကို ရင်းနှီးမြူပ်နံှသူတွေဝင်ရောက်ခဲ့ပါတယ်။ ရန်ကုန်မြို့ရဲ့ အဓိကလမ်းမကြီးတွေပေါ်က မြေကွက်ကြီးတွေ  ဧကကျယ်တွေဝယ်ယူမှုရှိခဲ့သလို မြတ်စွန်း နိုင်မဲ့ပွိုင့်ကြီးတွေကိုလည်း ဝယ်ယူလာခဲ့ကြပါတယ်။ သိန်း ၅ဝဝဝ ဝန်းကျင်အကွက် အတော်များများ အရောင်းအဝယ်ဖြစ်ခဲ့တယ်။ အင်းယားလမ်းပေါ်က ပေ  ၁၂ဝ ပတ်လည်မြေကွက်ကို ကျပ်သိန်း သုံးသောင်းဝန်းကျင်၊ ဗဟန်းမြို့နယ်ကမ္ဘာ့အေးဘုရားလမ်းမပေါ်က ၈၅ ပေ x ပေ ၁ဝဝ မြေကွက်ကို တစ်သိန်းတစ်သောင်းဝန်းကျင်၊ သင်္ဃန်းကျွန်းလမ်းမပေါ်က  မြေကွက်တို့ ဝေဇယန္တာလမ်းမပေါ်က ပေ ၁၂ဝ ပတ်လည်အကွက်ကြီးတွေ ကျပ်သိန်းတစ်သောင်းဝန်းကျင်တွေနဲ့ အရောင်းအဝယ်ရှိခဲ့တယ်။ ဗဟန်း တော်ဝင် နှင်းဆီခြံဆိုလည်း ပွိုင့်ကြီးဝယ်လက်တစ်ဦးဝယ်ယူမှုရှိတာတွေ့ခဲ့တယ်။ အဲဒီလိုဝယ်လက်ကြီးတွေ ဝင်ရောက်လုပ်ကိုင်လာတာကြောင့် သေချာပေါက်မြတ်စွန်းမဲ့မြေကွက်တွေဆို အခုချိန်မှာ တန်ဖိုးတက် ခေါ်လာတာ  တွေ့ရတယ်။ ဝယ်လက် ၂ ဆင့် ၃ ဆင့် ပြောင်းသွားပြီးတာကြောင့် မူလတန်ဖိုးထက် ၃ဝ ရာခိုင်နှုန်းကျော်ကျော် တိုးခေါ်မှုတွေရှိပါတယ်''လို့ မင်္ဂလာတောင်ညွှန်မြို့နယ်အခြေစိုက်အိမ်ခြံမြေ ကုမ္ပဏီတစ်ခုက လုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။ နှစ်လယ်မှာစက်မှုဇုန်တွေပါ အရောင်းအဝယ်ဖြစ်                ၂ဝ၁ဝ နှစ်လယ်အိမ်ခြံမြေအခြေအနေက အမြူးဆုံးမှာရှိခဲ့သလို စက်မှုဇုန်တွေပါအရောင်း အဝယ်အတော်ဖြစ်ခဲ့ပါတယ်။ကျောက်မျက်ရတနာပြပွဲတိုင်းမှာ ကျောက်စိမ်းသမားတွေအကျိုးအမြတ်များ ကြတာ ၂ နှစ် လောက်ရှိလာပါပြီ။ အဲဒီရဲ့အကျိုးဆက်က ကျောက်မျက်လုပ်ငန်းရှင်တွေ အိမ်ခြံမြေ လုပ်ငန်းတွေထဲ ဝင်ရောက်လုပ်လာပါတယ်။ ပုဂ္ဂလိကစီမံကိန်းလုပ်ငန်းရှင်တွေလည်း ဝင်ရောက ်လုပ်ကိုင် လာရာက စက်မှုဇုန်တွေမှာပါ ရင်းနှီးမြုပ်နံှမှုတွေလုပ်ကိုင်လာကြပါတယ်။ မြို့နဲ့ခပ်လှမ်းလှမ်းဝေးတဲ့ ဒဂုံအရှေ့တိုးခဲျ့စက်မှုဇုန်တွေမှာ  အိုးအိမ်ကိုသွင်းရတဲ့ ဈေးက ကျပ်သိန်း ၁၂ဝ-၁၇ဝ လောက်ရှိတဲ့ မြေကွက်တွေက အခု ၁ ဧကကို ကျပ်သိန်း ၄ဝဝ-၄၅ဝ လောက်ဖြစ်လာတယ်။ မနှစ်ကကျပ်သိန်း  ၃၅ဝ နဲ့ ၄၅ဝ ကြားမှာရှိတဲ့  ရွှေလင်ဗန်းစက်မှုဇုန်နဲ့ မင်္ဂလာဒုံစက်မှုဇုန်က မြေကွက်အချို့ဆို ကျပ်သိန်း ၈ဝဝ လောက်ရှိနေတယ်။ ထူးခြားတာက အိုးအိမ်ကစက်မှုဇုန်အကွက်တွေဆို သွင်းဈေးတွေ တစ်ရိပ်ရိပ်မြင့် လာခဲ့တယ်။ အစိုးရသွင်းဈေးအနေနဲ့ မြောင်းတကာစက်မှုဇုန်မှာ ၁ ဧကကို ကျပ်သိန်း ၁၉ဝ ကျော်။ ဒဂုံအရှေ့မှာ ၁ ဧကကိုကျပ်သိန်း ၃ဝဝ ကျော်သွင်းရတယ်လို့ သိရတယ်။ ရင်းနှီးမြုပ်နံှသူတွေက စက်မှုဇုန်တွေမှာ မြုပ်နံှလာတာရှိသလို အိုးအိမ်သွင်းဈေးတွေလည်း မြင့်တက်လာခဲ့ပါတယ်လို့ ယူနတီက ဦးဇော်ဇော်ရဲ့ ပြောပြချက်အရ သိရပါတယ်။စက်မှုဇုန်ဝယ်လိုအား ၄ဝ ရာခိုင်နှုန်းတက်ခဲ့                    စက်မှုဇုန်တွေထဲမှာ ရင်းနှီးမြူပ်နံှသူ အများဆုံးရှိခဲ့တာက လှိုင်သာယာစက်မှုဇုန်ပါ လှိုင်သာယာစက်မှုဇုန်က လမ်း၊ လျှပ်စစ်၊ ရေတို့ အတည်ကျအထိုင်ကျတာရယ်၊  အဓိကလုပ်သားအင်အား အလွယ်တကူရနိုင်တာရယ်၊ မြို့လယ်နဲ့အနီးဆုံးရှိတာတွေရယ်ကြောင့် ရင်းနှီးမြူပ်နံှဝယ်ယူသူတွေ များခဲ့ပါတယ်။ လှိုင်သာယာစက်မှုဇုန်နဲ့ရွှေပြည်သာ စက်မှုဇုန်ဆို ရောင်းကွက် အတော်နည်းတဲ့အထိ ရှိလာတယ်။ အဲဒီကာလမှာ အရှေ့ဒဂုံစက်မှုဇုန်၊ မင်္ဂလာဒုံ၊ ဒဂုံဆိပ်ကမ်း စက်မှုဇုန်၊ ရွှေလင်ဗန်းစက်မှုဇုန် တို့မှာ အရောင်းအဝယ်သွက်ခဲ့ပါတယ်။ ခြုံပြီးပြောရရင်  စက်မှုဇုန် ဝယ်လိုအားဟာ မနှစ်ကထက် ၄ဝ ရာခိုင်နှုန်းခန့် တက်လာခဲ့ပါတယ်။ လှိုင်သာယာ ကမ်းနားဘက်က မြေကွက်တွေဆို ၁ ဧက သိန်း ၁၂ဝဝ ဝန်းကျင်၊ စက်မှုဇုန် ၁ နဲ့ ၂ ထဲက လမ်းမတန်းနဲ့  နီးတဲ့ မြေကွက်တွေဆို ကျပ်သိန်း ၁၈ဝဝ ဝန်းကျင်၊ စက်မှုဇုန်(၄) ထဲမှာဆိုရင် အနည်းဆုံးကျပ် သိန်း ၁ဝဝဝ ကျော်တွေနဲ့ ခေါ်ကြရောင်းကြတာ တွေရှိတယ်လို့ ယူနတီ အိမ်ခြံမြေကုမ္ပဏီမှ  ဦးဇော်ဇော်က ပြောပြပါတယ်။အိမ်ခြံမြေဈေးကွက်နဲ့ ဘဏ်ချေးငွေ            အိမ်ခြံမြေဈေးကွက်အကြောင်းလေ့လာတဲ့အခါ ဘဏ်ချေးငွေအခြေအနေကိုလည်း ချန်လှပ် မထားလိုတာကြောင့် ယူနတီအိမ်ခြံမြေက တာဝန်ရှိသူတစ်ဦးကို မေးမြန်းကြည့်ရာ ''  ပြည်ပနိုင်ငံအချို့မှာ အိမ်ခြံမြေ ဝယ်မယ်ဆိုရင် ချေးငွေထုတ်ချေးတဲ့ဘဏ်တွေရှိပါတယ်။ အိမ်ရဲ့တန်ဖိုးကဒေါ်လာ ၁ သန်းဆိုရင် ချေးငွေဒေါ်လာ ၈ သိန်းလောက် ရတတ်ကြတာပါ။          ချေးငွေနဲ့ဝယ်ကြတာကြောင့် အိမ်ခြံမြေဈေးကွက်က အဆုံးအထိတက်ပြီး၊ ဘဏ်တွေလဲတဲ့အချိန်မှာ အိမ်ခြံမြေဈေးကွက်ပါပြိုကွဲခဲ့ပါတယ်။ ဘဏ်ပြိုလဲတဲ့ အတွက် အြွေကးတွေ ပြန်ဆပ်ခိုင်းမယ်။  အဲဒီအြွေကးပြန်ဆပ်ဖို့ အိမ်ခြံမြေကိုပဲပြန်ထုတ်ရောင်းကြရတော့ ညွှန်းကိန်းအောက်ကို ရောက်ခဲ့တဲ့ အခြေအနေတွေရှိခဲ့ပါတယ်။             '' အရင်တုန်းကတော့ အာရှဓနတို့၊ မြန်မာမေဖလားဝါးတို့၊ ကမ္ဘောဇတို့က အိမ်ခြံမြေဝယ်မဲ့သူ တွေကို ချေးငွေ ပေးခဲ့ဘူးတယ်။ လုပ်ငန်းလုပ်ဖို့ အိမ်ခြံမြေဝယ်ထားတယ်။ အဲဒါကိုပြပြီး တန်ဖိုးရဲ့  ၄ ပုံ ၁ ပုံကိုချေးငွေယူကြတာမျိုး။ ပြည်တွင်းဘဏ်အချို့ပြိုကွဲပြီးနောက် ချေးငွေတွေကို ဗဟိုဘဏ်က ထိန်းခုျပ် လာတယ်။ ပေးတော့ပေးတယ်။ စက်မှုလက်မှုလုပ်ငန်းလုပ်မယ်ဆိုရင် စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်က စက်မှုဇုန်တွေမှာဝယ်ထားတဲ့ မြေကွက်ကို အာမခံယူပြီး ထုတ်ချေးတယ်။ မွေးမြူရေးဘဏ်က ငွေကို မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းအဖြစ် အာမခံယူ  ချေးပေးတာမျိုးတွေရှိတယ်။ အဲဒီချေးငွေက အမှန်တကယ် လုပ်ငန်းလုပ်တဲ့သူတွေကိုပဲ ချေးတာပါ။ မြန်မာစီးပွားရေးဘဏ်ကလည်း ရန်ကုန်မြို့ထဲက ဆောက်လုပ်ရေး လုပ်ငန်းကြီးတစ်ခုရဲ့  ဆောက်လုပ်ပြီးလုပ်ငန်းတစ်ခုကို အာမခံထားပြီး ကျန်တဲ့စီမံကိန်းတစ်ခုကို ဆက်လုပ်ဖို့ ငွေချေးတာ ရှိခဲ့ဖူးတယ်' လို့ ပြောပြပါတယ်။နိုင်ငံခြားရင်းနှီးမြှုပ်နံှမှု             အိမ်ခြံမြေဈေးကွက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုနဲ့ဆက်စပ်မှုရှိနေပါတယ်။ မကြာခင်နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှုတွေ ဖွင့်ပေးလို့ဝင်လာမယ်ဆိုရင် အထည်ခုျပ်လုပ်ငန်းတို့ ကားထုတ်လုပ်တဲ့စက်ရုံတို့  ပါလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် မြန်မာလုပ်သားရဲ့လုပ်အားခက တရုတ်ထက်ဈေးသက်သာလို့ပါ။ အဲဒီလိုဆိုရင် ဈေးကွက်ပိုလှုပ်နိုင်တယ်။ အထူးသဖြင့်စက်မှုဇုန်တွေပိုအလုပ်ဖြစ်လာနိုင်တယ်။              နိုဝင်ဘာလ ထဲမှာပဲ နိုင်ငံခြားသား ရင်းနှီးမြှုပ်နံှမှုကို တရားဝင်ခွင့်မပြုသေးပေမဲ့ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ စင်္ကာပူနဲ့ မလေးရှားကလုပ်ငန်းရှင်အချို့ခြံကြည့်၊ မြေကြည့်ရှိနေပါပြီ။  ဒါဟာအိမ်ခြံမြေဈေးကွက်ကောင်းလာမယ် ဆိုတာ ပြနေတာပါပဲလို့ တာမွေမြို့နယ် အခြေစိုက်ဝါရင့် အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ရှေ့အလားအလာ                မြန်မာ့အိမ်ခြံမြေဈေးကွက်က ပြည်ပကအဓိကဈေးကွက်တွေ လှုပ်ရှားရင်လည်းဈေးကွက်လှုပ် တတ်ပါတယ်။ အခုကမ္ဘာ့ရေနံဈေးလဲတက်တယ်။ အဲဒီအနေအထားလေးတွေကြောင့်  မြန်မာအိမ်ခြံမြေ ဈေးကွက်က ပြန်လှုပ်လာနိုင်ပါတယ်။ ဒါ့အပြင် ကား၊ ရွှေစတဲ့အခြားစီးပွားရေးလုပ်ငန်းသမားတွေက လမ်းကြောင်းပြောင်း လုပ်ကိုင်မှု တွေကလည်း  အိမ်ခြံမြေဈေးကွက်ကောင်းဖို့တွန်းအားပေး သလိုရှိနေပါတယ်။              ပြည်ပနိုင်ငံတွေမှာဖြစ်ပေါ်ခဲ့သလို မြန်မာ့အိမ်ခြံမြေဈေးကွက်ထဲမှာ လုပ်ကိုင်နေသူတွေဟာ ဘဏ်ချေး ငွေတွေနဲ့ လုပ်ကိုင်ကြတာမျိုးမဟုတ်တဲ့အတွက် ဈေးကွက်ပြိုလဲတာမျိုးမရှိနိုင်ပါဘူး။ ငွေကြေးခဝါချမှုကို ဗဟိုဘဏ် ကကောင်းကောင်း Control  လုပ်နိုင်တဲ့အတွက် ရင်းနှီးမြှုပ်နံှမှုတွေဝင်မလာဘူးဆိုရင် တောင် ဈေးကွက်အရှိန်က ကျမသွားနိုင်ပါဘူး။ ၂ဝ၁၁-၂ဝ၁၂ မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှုတွေဝင်ရောက်လာပြီး အရှိန်ရလည်ပတ်နေတဲ့ အချိန်မှာ ၂ဝ၁၅ အာဆီယံ Free Trade နဲ့ အချိန်ကိုက်ဖြစ်ကာ အိမ်ခြံမြေဈေးကွက်က အလားအလာဒီထက် ပိုမြင့်လာနိုင်ပါတယ်'' လို့  အိမ်ခြံမြေလုပ်ငန်းရှင် များက သုံးသပ်ကြပါတယ်။        

Wednesday, 24 Nov 2010

 အရည်အသွေးကောင်း စိုက်ပျိုးရေးထွက်ကုန်များကို တင်ပို့လိုကြသည်ဟု ဆိုကြသော်လည်း လက်တွေ့တွင် မျိုးစေ့(seed) ကို အသုံးပြု စိုက်ပျိုးရန် အတွက် ကိုမူ.................        ပြည်ပသို့ စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ရောင်းချသူများသည် အရည်အသွေးကောင်း သီးနံှများ တင်ပို့လိုကြသည်။ အရည်အသွေး (quality) ကောင်းမှ ဈေးကောင်းရမည်ဟု ပြောဆိုကြပါသည်။ မည်သည့် အတွက်ကြောင့် အရည်အသွေးကောင်း (quality) သီးနံှများ မရရှိကြ သနည်းဆိုသောအချက်ကိုမူ ပြည်ပ တင်ပို့ရောင်းချသူများက စိတ်ပါဝင်စားမှု နည်းပါးကြပါသည်။မျိုးစေ့ (Seed) လား ၊ (သို့မဟုတ်) (Grain) လား ၊     စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများကလည်း မိမိတို့ စိုက်ပျိုးနေ သောမျိုးသည်မျိုးကောင်းမျိုးသန့်ဟုပြောဆိုကြပါသည်။ လက်တွေ့တွင် ရောင်းဝယ် ရန် စားသုံးရန်အတွက် အသုံးပြုသော သီးနံှ (Grain) ကိုသာ မျိုး (seed) အဖြစ် အသုံးပြုစိုက်ပျိုးကြပါ သည်။ အချို့သော တောင်သူလယ်သမားများသည် မျိုးစေ့ (seed) နှင့် ရောင်းဝယ်စားသုံးမှုအတွက် အသုံးပြုသော သီးနံှ (Grain)ကွာခြားချက်ကို သိရှိကြသဖြင့် မျိုးစေ့တန်ဖိုး (value of seed) ကို နားလည်ကြပါသည်။ လက်တွေ့တွင် စိုက်ပိုျးသူလယ်သမားများသည် မိမိတို့ စိုက်ပျိုးသော သီးနံှမျိုးသည် အရည်အသွေးကောင်းသည်။ ထို့ကြောင့် မျိုးစေ့ (seed) ကို ဝယ်ယူသုံးစွဲရန်မလို။ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးများကိုသာ ဝယ်ယူသုံးစွဲရန် လိုအပ်သည်။ မျိုးစေ့အဖြစ် ဝယ်ယူသုံးစွဲရန်အတွက် ကုန်ကျမည့် ငွေကို ချွေတာတတ်ကြပါသည်။- အချို့သော တောင်သူလယ်သမားများက ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးကိုပင် ငွေကြေးမတတ် နိုင်၍ ပြည့်စုံအောင် ဝယ်ယူသုံးစွဲနိုင် ခြင်းမရှိပါ။ မျိုးစေ့ကို ဝယ်ယူသုံးစွဲဖို့ဆိုတာ ခက်ခဲသည်ဟု ပြောကြားကြပါသည်။- အချို့သော တောင်သူလယ်သမားများက မျိုးစေ့ကောင်းမှ သီးနံှအထွက်နှုန်းကောင်းမည်။ သီးနံှ အရည်အသွေးကောင်းမည်။ ယခုစိုက်နေတဲ့ နှမ်းဖြူမျိုးသန့် ဘယ်နေရာမှ ရမှာလဲ။ ဘယ်နေရာ မှ ဝယ်ရင်ရမှာလဲ၊ ဘယ်ကုမ္ပဏီမှာ ရောင်းသလဲ။ မျိုးကောင်းမျိုးသန့်ဆိုတာ သေချာရဲ့လားဟု မေးမြန်းလာပါက မည်သူက မျိုးကောင်းမျိုးသန့်ဟု အာမခံမှာလဲဟု ဖြေဆိုရန် အလွန်ခက်ခဲမည် ဖြစ်ပါသည်။မျိုးစေ့ကုမ္ပဏီ         ဈေးကွက် စီးပွားရေးစနစ် ကာလတွင် စိုက်ပျိုးရေး သွင်းအားစု (Agro-input) များ တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းကို ပုဂ္ဂလိက (Private sector)မှ ဆောင်ရွက်ရန် ခွင့်ပြုခဲ့သည်။ လက်တွေ့တွင်- ပြည်ပမှ တင်သွင်းသော ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးများကို လည်းကောင်း၊ ပြည်တွင်းတွင် ထုတ်လုပ်သော သဘာဝမြေသြဇာနှင့် အခြားမြေသြဇာများကို လည်းကောင်း၊ ပြည်ပမှ တင်သွင်း သော ဟင်းသီးဟင်းရွက် မျိုးစေ့များကို လည်းကောင်း ဖြန့်ဖြူးရောင်းချသော ပြည်တွင်းကုမ္ပဏီများ ပေါ်ပေါက်လာပါသည်။- မိမိကိုယ်ပိုင် သုတေသန ပြုလုပ်ခြင်း၊ မျိုးစပ်ခြင်း၊ မျိုးထုတ်လုပ်ခြင်း၊ မျိုးဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများကို ဆောင်ရွက်သည့် မျိုးစေ့ကုမ္ပဏီ (seed company) ယနေ့တိုင် ပေါ်ပေါက်လာခြင်း မရှိသေးပါ။- ပုဂ္ဂလိကပိုင်းသည် ဖော်ပြသောလုပ်ငန်းအတွက် နည်းပညာသုတေသန နှင့် စီးပွားဖြစ် ကျယ်ပြန့်စွာ ထုတ်လုပ်နိုင်သော မျိုးစေ့ခြံများ တည်ထောင်နိုင်ခြင်း မရှိသေးသဖြင့် ကိုယ်ပိုင်ထုတ်လုပ် ဖြန့်ဖြူးနိုင်သော မျိုးစေ့(Seed company)  များ ယနေ့တိုင်မရှိရခြင်းဖြစ်သည်ဟု သုံးသပ် ရရှိပါသည်။အထွက်ကောင်း မျိုးစေ့များ (High yielding variety –HYV)  ဖြင့် ပြောင်းလဲ စိုက်ပျိုးခြင်း      မြန်မာနိုင်ငံသည် ဗြိတိသျှ လက်အောက်မှ လွတ်လပ်ရေးရပြီး ကာလများတွင်လည်း ဆန်စပါးသည် မြန်မာ့စီးပွားရေးလုပ်ငန်းဖြစ်ခဲ့သည်။ ၁၉၆၆ ခုနှစ်မတိုင်မီ ကာလထိ မြန်မာနိုင်ငံ၏ စပါးစိုက်ပျိုးမှုတွင် ပြည်တွင်း စပါးမျိုးများ (local variety) ကို အသုံးပြုစိုက်ပျိုးခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေသနဌာန (International Rice Research Institute-IRRI) မှ IR-5,IR-8 စပါးမျိုးများကို တင်သွင်း၍ သုတေသနပြု စိုက်ပျိုးခဲ့ရာ အောင်မြင်မှုများရရှိခဲ့ပါသည်။ ထို့နောက် ယင်းစပါးမျိုးများကို ရာကျော်စပါးမျိုး အထွက်ကောင်းစပါးမျိုး (High yield variety-HYV) ဟု ခေါ်ဆိုကြပါသည်။ ထို့နောက် အထွက် ကောင်းမျိုးများကို စပါးသီးနံှသာမက အစေ့ထုတ်ပြောင်း၊ ပဲမျိုးစုံ၊ ဆီထွက်သီးနံှများကိုပါ အထွက်ကောင်း မျိုးများဖြင့် ပြောင်းလဲအစားထိုး စိုက်ပျိုးလာကြပါသည်။- ၁၉၆၈ ခုနှစ်မတိုင်မီ နှစ်များက စိုက်ပျိုးသူ တောင်သူများသည် မိမိစိုက်ပျိုးသော စပါးမျိုးများမှ ရင့်မှည့်ချိန်တွင် စိုက်ခင်းထဲမှ အကောင်းဆုံး စပါးနံှများကို ရိတ်သိမ်းချွေလှေ့၍ မျိုးအဖြစ် ထားရှိပြီး လာမည့်နှစ်တွင် မျိုးစေ့အဖြစ် အသုံးပြူ စိုက်ပျိုးကြပါသည်။- အထွက်ကောင်း စပါးမျိုးများ ပြောင်းလဲ စိုက်ပျိုးသည့်အခါ ယင်းစပါးမျိုးများသည် အသက် လျင်ခြင်း၊ ဓာတ်မြေသြဇာထည့်သွင်းမှသာ အထွက်နှုန်း ကောင်းမွန်ခြင်း၊ အရည်အသွေးကောင်းများ ရရှိရန်၊ မျိုးစပ်ဆောင်ရွက်ထားသော စပါးမျိုးများ ဖြစ်ပါသည်။ ထူးခြားချက်မှာ စပါးမျိုး တစ်မျိုးကို နှစ်စဉ် ဆက်တိုက် ၃နှစ် စိုက်ပျိုးပါကစပါးမျိုးတွင်ပါဝင်သော ဗီဇလက္ခဏာများကွဲပြားပြီး မူလ စပါးမျိုးမှ ပါဝင်သည့် အရည်အချင်းလက္ခဏာများ လျော့နည်းကွဲပြားမှုများ ဖြစ်ပေါ်စေပါသည်။- ထို့ကြောင့် အထွက်ကောင်း စပါးမျိုး(HYV) များကို စိုက်ပျိုးခြင်းနှင့်အတူ ၃ နှစ်တစ်ကြိမ် မျိုးသန့်စပါးမျိုးများဖြင့် လဲလှယ်စိုက်ပျိုးရေးကိုပါ တစ်ပြိုင်တည်း ဆောင်ရွက်ရပါတော့သည်။မျိုးစေ့ထုတ်လုပ်ခြင်း           နိုင်ငံတော်ပိုင်းတွင် စိုက်ပျိုးရေး သုတေသန (Research) လုပ်ငန်း၊ မျိုးပွားရေးလုပ်ငန်း (Seed multiplication)၊ မျိုးစေ့ဘဏ် (seed bank) များရှိသဖြင့် မျိုးပွားခြင်းလုပ်ငန်းများကို ဆောင် ရွက်ပါ သည်။ မျိုးပွားခြင်း အဆင့်များကို လေ့လာပါက(၁) Breeder seed (အခြေခံမျိုးအဆင့်-၁) - စိုက်ပျိုးရေး သုတေသနတွင်သာ ထုတ်လုပ်ရပါသည်။(၂)Foundation seed  (အခြေခံမျိုးအဆင့်-၂) -မျိုးစေ့ခြံ၊ စိုက်ပျိုးရေး သုတေသနခြံများတွင် မျိုးထုတ်လုပ်ရပါသည်။(၃)Registered seed (မျိုးသန့်အဆင့်-၁) - မျိုးစေ့ခြံများတွင် ထုတ်လုပ်ရပါသည်။(၄) Certified seed(မျိုးသန့်အဆင့်-၂) - Registered seed ကို တောင်သူထံဖြန့်ဖြူးပြီး တောင်သူမှ လယ်ကွက်တွင် စိုက်ပျိုးထုတ်လုပ်ရပါသည်။                ယင်း (certified seed)  ကို စိုက်ပျိုးခြင်းဖြင့် စီးပွားဖြစ် ရောင်းဝယ်သော အဆင့် (commercial stage)   ကို ရရှိစေပါသည်။ ဗဟိုစီးပွားရေး စီမံကိန်းကာလတွင် အစိုးရပိုင်းအနေဖြင့် ၁၉၈ဝ ပြည့်နှစ် ဝန်းကျင်များကစ၍ မျိုးစေ့ထုတ်လုပ်မှု စီမံကိန်းများကို စတင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်း      မျိုးစေ့ ထုတ်လုပ်ပွားများခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းတွင် (Public sector) နှင့် ပုဂ္ဂလိက (Private sector)  တို့ ပူးပေါင်း၍ မျိုးစေ့ထုတ်လုပ်ပွားများခြင်းများကို ဆောင်ရွက်ခြင်းဖြင့် အရည်အသွေးကောင်း မျိုးစေ့များ အချိန်တိုကာလအတွင်း ကျယ်ပြန့်စွာ ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါသည်။ Publicprivate Partnership program ကို အောက်တွင် ဖော်ပြထားပါသည်။    မှတ်ချက်- မျိုးစေ့ထုတ်လုပ်မှု အဆင့်အလိုက် (Breeder seed) ကိုပန်းရောင်ကတ်ပြား၊ (Foundation seed) ကို အစိမ်းရောင်ကတ်ပြား၊ (Resisted seed)  ကို အပြာရောင်ကတ်ပြားနှင့် (certified seed) ကို အဝါရောင်ကတ်ပြားဖြင့် ချိတ်ဆွဲထားပြီး အရည်အချင်းများ ဖော်ပြထားပါသည်။ မျိုးစေ့အပင်ပေါက်မှု ရာခိုင်နှုန်း မျိုးသန့်ပြန့်မှု စသည်များကို ဖော်ညွှန်းထားပါသည်။         ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနံှများကို ပြည်ပသို့ တင်ပို့ရောင်းချသော ကုမ္ပဏီများ၊ စပါး၊ ပဲမျိုးစုံ ဦးဆောင်ဦးရွက် ကုမ္ပဏီများ (leading company) သည် အစိုးရပိုင် (public sector) မှ မျိုးသန့်အဆင့်- ၁(Registered seed)ကို ရယူရမည် ဖြစ်ပါသည်။ ထို့နောက် မိမိတို့အထူးပြုကုမ္ပဏီများ ဆောင်ရွက် သည့် ဧရိယာတွင် တောင်သူလယ်သမားများအား မျိုးစေ့၊ စိုက်ပျိုးရေး သွင်းအားစုများ၊ ချေးငွေများ ပံ့ပိုး၍ မျိုးစေ့ထုတ်လုပ်ခြင်းကို ကျွမ်းကျင်သူများ၏ အကူအညီရယူ၍ မျိုးပွားရမည် ဖြစ်ပါသည်။ ထို့အတူ စိုက်ပျိုးရေး သွင်းအားစု(Agro-input) များ ရောင်းချသော ကုမ္ပဏီများမှလည်း (public sector)  မှ မျိုးစေ့ (Registered seed) ရယူပြီး မျိုးပွားခြင်း ပြုလုပ်နိုင်ပါသည်။ မိုျးသန့်အဆင့်-၂ (Certified seed) ထုတ်လုပ်မှုစနစ်နှင့် ညီညွှတ်မှုရှိခြင်း၊ မျိုးသန့်အဆင့်-၂ မှန်ကန်သည်ဟု၊ ထောက်ခံချက် ရရှိပြီးမှ သာ မျိုးစေ့ ရောင်းဝယ်ခြင်း (seed Marketing) လုပ်ငန်းကို ဆောင်ရွက်ရန်လိုအပ်လာပါသည်။ Public sector အနေဖြင့် တောင်သူလယ်သမားများထံတွင် မျိုးပွားခြင်း ထွက်ရှိလာသော မျိုးစေ့များကို ပြန်လည် ဝယ်ယူဖြန့်ဖြူးခြင်း လုပ်ငန်းများတွင် ကျယ်ပြန့်စွာဆောင်ရွက်နိုင်ခြင်းမရှိပါ။လယ်သမားများစိုက်၍ ထွက်တာကို ဝယ်ပြီး ပြည်ပသို့ တင်ပို့     လက်ရှိအခြေအနေတွင် ပြည်ပတင်ပို့ရောင်းချသူများ သည် လယ်သမားစိုက်ပိုျးထွက်ရှိမှုကို ဝယ်ယူ၍ အတန်း အစား ခွဲခြားခြင်း၊ သန့်စင်ခြင်း၊ လုံးပိန်၊ လုံးညှပ်များကို ဖယ်ရှားပြီး ပြည်ပသို့ တင်ပို့ ရောင်းချပါသည်။             အရည်အသွေးကောင်း စိုက်ပျိုးရေးထွက်ကုန် (Quality product) ရရှိရန်အတွက် ပြည်ပတင်ပို့သည့် ကုမ္ပဏီ၊ စိုက်ပျိုးရေး သွင်းအားစုများ တင်သွင်းထုတ်လုပ်ဖြန့်ဖြူးသည့် ကုမ္ပဏီနှင့် တောင်သူလယ်သမား ပူးပေါင်းဆောင်ရွက်ရမည့်ပုံစံ     အရည်အသွေးကောင်း ဆန်၊ ပဲမျိုးစုံ၊ ဆီထွက်သီးနံှ၊ နှမ်းကို တင်ပို့မည်ဆိုပါက -- ပထမဆုံးအချက်မှာ အရည်အသွေးကောင်းသော မျိုး သန့်မျိုးစေ့ (seed) ကို သုံးစွဲစိုက်ပျိုး နိုင်ခြင်း မရှိသ၍ အရည်အသွေးကောင်း သီးနံှမရရှိနိုင်ပါ။- မျိုးစေ့ (seed) ကိုအသုံးမပြုဘဲ (Grain) ကို မျိုးအဖြစ် အသုံးပြုနေကြသဖြင့် မျိုးရောခြင်း၊ အရောင်ရောခြင်း၊ အထွက်နှုန်းနည်းခြင်း၊ လိုအပ်သောအရွယ်အစား မရရှိခြင်းများ ဖြစ်ပေါ်စေပါသည်။- အရည်အသွေးကောင်း ရရှိသည်ဆိုပါက ပထမဆုံးအရေးပါသောအချက်မှာ မျိုးစေ့ (seed) ကို အသုံးပြု စိုက်ပျိုးနိုင်ရေးကို မဖြစ်မနေ ဆောင်ရွက်ရပါမည်။ ဒုတိယအချက်မှာ ရိတ်သိမ်းပြီး နောက် (Post-harvest management) ကို ဆောင်ရွက်ရပါမည်။အရည်အသွေးကောင်း သီးနံှကို တင်ပို့မည်         ပြည်ပတင်ပို့ရောင်းချသူများသည် အရည်အသွေးကောင်း သီးနံှကို တင်ပို့ပါက ဈေးကောင်းရသည်။ (quality market)  ကိုပို့လျှင် ဈေးကောင်းရသဖြင့် အရည်အသွေးကောင်းကို ပိုမိုအား ထား ပါသည်ဟု ပြောဆိုကြပါသည်။ လက်တွေ့တွင် ဝယ်ရသမျှထဲက ကောင်းတာလေးကို ရွေးချယ်၍ တင်ပို့ကြသည့် (Quality product) ဖြစ်နေသည်ကို လေ့လာတွေ့ရှိရပါသည်။ ထို့ကြောင့် အခြေခံကျသော ထုတ်လုပ်သူလယ်သမားမှအရည်အသွေးကောင်းသော သီးနံှမျိုးစေ့(seed) အသုံးပြု စိုက်ပျိုးနိုင်ရေးကို အခြေခံ ကျကျ လုပ်ဆောင်နိုင်မှသာသွားလိုသော (Quality product, Quality Market) ကို ရောက်ရှိမည် ဖြစ်ပါသည်။

Pages