Main menu

Background

အညာဒေသ ရတနာတစ်ပါးဖြစ်တဲ့ ထန်းပင်တွေအတွက် မမြဲသော အနိစ္စ တေးထပ်တွေ ဖွဲ့ရတော့မှာလား

Wed, 05/16/2018 - 10:03 -- journal_editor

        ''ထန်းပင် ထန်းလက် ထန်းရွက်တွေက အသွယ်သွယ်ပါမောင်ရယ် မြရင်တို့ရွာ ရိုးရာ ဇာတိနွယ်လမ်းစဉ်လမ်းဆက် နတ်မျက်စိတောင် မှ လည်ပါတယ်မောင်ရယ်''ဆိုတဲ့ သီချင်းသံဟာ စားသုံးသူအကာ အကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲသွားကြမယ့် ပခုက္ကူခရိုင် စားသုံးသူ ရေးရာဦးစီးဌာနမှ ဝန်ထမ်းများရဲ့ နားထဲကို ဝင် လာပါတယ်။  နန်းတော်ရှေ့ဆရာတင်ရေးပြီး အဆိုတော် ဦးသုမောင် သီဆိုထားတဲ့ ''လက်ရေ တစ်ပြင် တည်း'' ဆိုတဲ့ သီချင်းတစ်ပုဒ်ပါ ရေးသူက လည်းတော်၊ ဆိုသူကလည်းကောင်းတော့ နှလုံး သားကိုစွဲငြိစေတဲ့ သီချင်းတစ်ပုဒ်ပါ----။ သွားရ မယ့်ဒေသ ရေစကြိုဘက်ကို ဆိုင်ကယ်စီးလို့သာ လာရတယ်။ ရင်မှာအတွေးစက ငြိတွယ်လျက် ပါ။ ထန်းပင်ဆိုတာ အညာဒေသရဲ့ အလှတစ်ပါးတစ်နည်းအားဖြင့်  ပြောရရင်  အညာဒေသရဲ့သဘာဝကပေးတဲ့ လက်ဆောင်မွန်တစ်ခုပါ။ စာရေးသူက အညာသားဆိုတော့ အညာဓလေ့ အညာစရိုက် အညာရနံ့ ကို နှစ်ခြိုက်သူ တစ်ယောက် ပါ။ ဒီလိုရာသီ (နွေ-ကာလမှာ) ကျွန်တော်တို့ ငယ်ငယ်က မတိုးတက်ခင်တုန်းက အညာနွေနေ ပူအောက်မှာ   ခရီးသွားရင်း အရိပ်ကောင်းတဲ့ ကုက္ကိုပင်၊ ထနောင်းပင်၊ မန်ကျည်းပင်၊ ညောင် င်တွေေ အာက် မှာ ထန်းခလက်(ထန်းရွက်) အသစ်နဲ့ မိုးထားတဲ့ ရေအိုးစင်(မြေရေအိုးအသစ်)ကိုတွေ့ရရင် ထန်းခလက်(ထန်းရွက်) အသစ်ရဲ့ မွှေးရနံ့ရယ်၊ မြေရေအိုးအသစ်က တစိမ့်စိမ့်ယိုနေ တဲ့ ရေအိုးစင်ကိုမြင်ရင် မသောက်ရမနေနိုင်အောင် ကို ဖြစ်ပေါ်ခံစားရပါတယ်။ အညာနွေနေပူပူမှာ အရိပ်မှာ နားခိုရင်း ရင်ထဲအထိ  စိမ့်ဝင်လာတဲ့ ရေအေးအေးအရသာကို ခံစားရင်း ရေအိုးစင် အလှူရှင်ကိုမတွေ့ဖူး၊  မမြင်ဖူးသော်လည်း သာဓုအခါခါခေါ်ရတာကို အလွန်နှစ်သက် ပါ တယ်။ တစ်ခါတလေ ခရီးအပြန် ထန်းလျက်ချက် နေတဲ့ တဲအနားဖြတ်အသွား ထန်းရည်ကျိုတဲ့အနံ့ ထန်းလျက်ဖြစ်ခါနီး ကျိုနေတဲ့အနံ့ရလို့ကတော့ ရတဲ့အနံ့ဟာ သွားရည်ယိုတယ်လို့ပြောရင် လွန် မယ်ထင်သလားစာရှုသူ..။ ကျွန်တော်ကတော့ တဲထဲဝင် တောင်းစားတာပါပဲ။ ဒီနေရာမှာ အညာ ဓလေ့ အညာအငွေ့အသက်ရ ပိုက်ဆံ(ငွေ)ပေး ရင် မရောင်းပါဘူး။ အညာထန်းသမား လင်မယား ပိုက်ဆံမရှိ ဆင်းရဲပေမဲ့ စေတနာ ချမ်းသာကြပါ တယ်ဗျာ။ ကြိုက်သလောက်စားပါ။ ဒါက အရင် တုန်းက။ အခုတော့ အညာဒေသမှာ ထန်းသမား ထန်းတက်သူ  ထန်းလျက်ချက်သူ ရှားနေပါပြီ။ ထန်းတက်တယ်ဆိုတာ ဖအေလုပ်သူက ရင်း ထောင်သယ်လို့ ထန်းပင်မြင့်ရင်မြင့်သလို(ပေ ၆၀  နဲ့ ၈၀)ကြား ထန်းပင်တက်ပြီး ထန်းလှီးရတာ နံနက်တစ်ကြိမ် ညနေတစ်ကြိမ်ပါ။ မိန်းမက ထန်း လျက်ကြိုရတာ တစ်နေကုန် အညာဒေသအခေါ် ပလူမွေး ပလူတောင် ကလေးများက ဖခင်အပင် ပေါ်ကချထားတဲ့ ထန်းရေချို ပါတဲ့ ထန်းမြူအိုးလိုက် ကောက်ရပါတယ်။ ဒါတောင် မိသားစု ထမင်းနပ် မမှန်ပါဘူး။ ‘ဒီကြားထဲမှာ ထန်းလျှော(ထန်းပင် ပေါ်ကကျလို့)သေခဲ့ကြတာ တစ်သက်လုံး လူစဉ် မမီတဲ့ဘဝတွေဆိုတာရှိကြပါတယ်။ ဒီတော့ တရုတ်ပြည် နယ်စပ် မှာ ကြံသွားခုတ်ရင် ယောကျ်ားတစ်နေ့ ကျပ် ၁၂၀၀၀၊ မိန်းမက ကျပ်  ၈၀၀၀အဆင်ပြေ တဲ့ အလုပ်ရှိရာ သွားလုပ်နေကြတော့ ထန်းသမား ထန်းတက်သူ မရှိသလောက်ဖြစ်နေတာပါ။ ဒါကို ဘယ်လို ကုစားကြပါ့မလဲ  စဉ်းစားကြစေလိုပါ တယ်။ လေ့လာမှတ်သားရသလောက်ထန်းတစ်ပင်အရွယ်ရောက်ဖို့နှစ်(၂၀)၊ ကျွန်းတစ်ပင် အရွယ် ရောက်ဖို့ နှစ်(၈၀)လို့ သိရပါတယ်။ပညာရှင်များ တိတိကျကျမှတ်တမ်းတင်ကြရာမှာတော့ထန်းပင် ဟာ ရေဓာတ်ရှိသောမြေမှာ (၁၅)နှစ်တွင် အရွယ် ရောက်ပြီး ရေဓာတ်မရှိ ခြောက်သွေ့သောနေရာ မှာ (၂၅)နှစ်မှ အရွယ်ရောက်တယ်လို့ လေ့လာရ ပါတယ်။ ထန်းပင်ဟာ နှစ်(၁၀၀)မှ (၂၀၀)နှစ် နည်းပါး  ရှင်သန်နိုင် တာ ကို လေ့လာရပါတယ်။ စိုက်ပျိုးရင်းနှီးမြှုပ်နှံဖို့မလိုတဲ့ ထန်းပင်ဟာ ရင်းနှီး မြှုပ်နှံဖို့များစွာလုပ်ရသော အပင်တို့ထက် လူသား တို့ကို ကောင်းကျိုးရလဒ်အသီးအပွင့်များ များစွာ ဖန်တီးပေးတတ်တဲ့အပင်ဖြစ်ပါတယ်။ ထူးခြားတာ က ထန်းသီးအစေ့ကို အပင်စိုက်ရာမှာ ထန်းဖို ဖြစ်ချင်သလား၊ ထန်းမ ဖြစ်ချင်သလား။ ထန်းသီး အစေ့ကို မှောက်စိုက်ခြင်း၊ ပက်လက်လှန်စိုက် ခြင်း အစေ့မြှုပ်စိုက်ရုံဖြင့် ထန်းဖိုပင် ထန်းမပင် ခွဲခြားပြီးဖြစ်တာကို လည်း လေ့လာ သိရှိရပါတယ်။ ပစ္စုပ္ပန်မှာ လူသားတို့ဟာ ထန်းပင်မှရရှိသော အချိုဓာတ်  တန်ဖိုးကို မသိကျိုးကျွံပြုနေတာကို တွေ့ရပါတယ်။ အချိုဓာတ်အတွက် လူတို့နေ့စဉ် အသုံးပြုနေကြသော ကြံမှရသည့်  သကြားသည် စိုက်ပျိုးထုတ် လုပ်မှု   ဆောင်ရွက်စဉ်ကတည်းက ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးကို အသုံးပြုရတယ် ရေအရင်းအမြစ်ကို များစွာအသုံးပြုခဲ့ကြရတယ်၊ အဲဒီမှာကတည်းက  ဘေးထွက်ဆိုးကျိုးဆိုတာ သိသာစွာ ဖြစ်ပေါ်နေပါပြီ။ ဒါမျှမကဘဲ သကြား ထုတ်လုပ်ရာမှာ ှကူစ့ကမိငသထငိန နှင့် အခြားအရောင် ချွတ်သော ဓာတုဗေဒပစ္စည်းတွေ အသုံးပြုရတာ ဖြစ်ပါတယ်။ ထန်းပင်ကရတဲ့ ထန်းလျက်ကတော့ ဘယ်ဓာတုဗေဒပစ္စည်းမှ မပါတာဖြစ်တဲ့အတွက် လူသားတို့ အတွက် အကောင်းဆုံးပါ။ ထန်းလျက် မှာ ဗီတာမင်ဘီများစွာပါသကဲ့သို့ သံဓာတ်၊ မဂ္ဂနီ ဆီယံဓာတ်၊ ပိုတက်ဆီယံဓာတ်တို့ကြွယ်ဝစွာပါဝင် တာကိုလည်း လေ့လာရပါတယ်။ မြန်မာ့တိုင်းရင်း ဆေးမှာ ထန်းဖိုဦး ထန်းလျက်ဆိုတာ လွန်စွာအရေး ပါတဲ့ ဆေးဓာတ်တစ်မျိုးပါ၊ ဂျပန်နိုင်ငံကဆေးပညာ ရှင်များ မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဘက်ကို လေ့လာကြရာမှာ ဒီဒေသက လူတွေကို ကျန်းမာ ရေး အဓိကအထောက်အကူပြုနေတာကတော့ ထန်း လျက်နှင့် မန်ကျည်းလို့ လေ့လာရေးသားထား တာကိုလည်း ဖတ်ရှုမှတ်သားဖူးပါတယ်။ကမ္ဘော ဒီးယားနိုင်ငံမှာ ဝက်တွေကို ထန်းရည်နှင့် ပဲပုပ် ရောစပ်ကျွေးတာ ဝက်တွေဟာ တစ်ရက်(၄၀၀) ဂရမ် အသားတိုး တယ် လို့ လေ့လာ သိရှိရပါတယ်။ ကိုယ့်နိုင်ငံ ကိုယ့်ပြည်တွင်းမှာရော ဒီပစ္စည်းတွေ မရှိဘူလား၊ ရှိနေသလား၊ ဘယ်လိုအသုံးချကြမလဲ ဆိုတာ စဉ်းစားကြစေလိုပါတယ်။ ကိုယ်တာဝန် ကျတဲ့ ယောနယ်ဘက်ကိုရောက်တုံး  ယောက အသက်ကြီး သူ တွေပြောတဲ့စကား မှတ်မိပါတယ် ''လူဆိုတာ အသက်(၄၀)ကျော်ရင် အမိ(မိခင်)နို့ဓာတ်ကုန်တယ်။ ဒီတော့ ထန်းနို့စို့ရတယ်။ ဆို လိုတာက ထန်းရည်(ခါး) သောက်ရင် လူထွား တယ်လို့ ပြောကြပါတယ်။ စဉ်းစားကြည့်တော့ ထန်းရည်ခါးသောက်ရင် ကိုယ်အတွင်းက အပူ ကင်းစင်စေတယ်။ ဝမ်းကိုသက်စေတယ်။ အပူ အပုပ်ကင်းတော့ လူဝတာကို ဆိုလိုဟန်တူပါတယ်။ ထန်းတစ်ပင်လုံး အသုံးဝင်ပုံကို လေ့လာကြည့်ရင် ''ပဒေသာပင်လို့'' အညာဒေသမှာခေါ်တဲ့ ထန်း တစ်ပင်လုံးအသုံးမဝင်တဲ့ ပစ္စည်းရယ်လို့ မတွေ့ ရပါဘူး။ ထန်းမပင်က ထန်းသီးသီးပါတယ်။ ထန်း ရည်ထွက်တယ်။ အသီးနုစဉ် လူတွေစားကြတယ်။ ဟင်းလည်းချက်ပြီးစားကြတယ်။ ရင့်ရင် နွားစာ စဉ်းကျွေးကြတယ်။ တော်တော်ရင့်မှည့်တဲ့အချိန် မှာ အမှည့်ရည်ကိုစစ်ပြီး ရေစကြိုမြို့မှာ ထန်းသီး မုန့်ပေါင်းတဲ့အထဲမှာ ထည့်တယ်။ ကျန်တဲ့အစေ့ ကို ဆောင်းတွင်းအခါမှာစားကြတဲ့ ထန်းပင်မြစ် အဖြစ် မြေကျင်းထဲမှာ ကျင်းဖွဲ့ပြီး ထွက်လာတဲ့ ထန်းပင်မြစ်ကိုစားကြတယ်။ ထန်းဖိုပင်က ထန်းနို့ ကထန်းရည်ထွက်ပါတယ်။''ထန်းဖိုဦး'' ထန်းလျက် (တပို့တွဲ၊ တပေါင်းလတွင်ပေါ်)ဟာ ဆေးဖက်များ စွာဝင်တယ်။ အဖိုပင်ဖြစ်စေ၊ အမပင်ဖြစ်စေ ထန်းခလက်(ထန်းရွက်)ဟာ တစ်နှစ် တစ်ပင်၊ ထန်းရွက်(၁၀)ရွက်မှ (၂၀)ရွက်အထိ ထွက်ရှိပြီး အိမ်မိုး၊ နွားတဲ၊ ဆိတ်တဲမှာ အမိုးအဖြစ် အသုံး ပြုကြတဲ့အပြင် ရွှေစာရံဘုရားပွဲမှာ ထန်းရွက် ငါးရုပ်၊ ထန်းရွက်ပုတီး၊ ထန်းရွက် ကြက်တူရွေး၊ ထန်းခေါက်ဖာတို့ကို ရောင်းချတာ တွေ့နိုင်ပါ တယ်။ ထူးခြားတာကတော့ အညာဒေသရဲ့အပူ ဒဏ်ကို တွန်းလှန်၍ မွှေးပျံ့ပျံ့ရနံ့နဲ့ အအေး ဓာတ်ကို ပေးနိုင်တာဟာ ထန်းခလက်(ထန်းရွက်)သတ္တိထူးတစ်ခုပါ။ ထန်းလက်၊ ထန်းရွက်နဲ့ ထန်းပင်ရဲ့ကြားက လက်တံမှာ  အိမ်ခြံစည်းရိုး ကာလို့ရတယ်။ ထန်းလျှော်အဖြစ် ဓားဖြင့်သပ်၍ ကြိုးကျစ်ခြင်း၊ ထန်းခေါက်ခြင်း၊ ဖျာရက်ခြင်း၊ ကုလားထိုင်၊ တန်းလျား၊ ခြင်းလုံး----- စသည်ဖြင့် များစွာပြုလုပ်၍ ရပါတယ်။ ယခုအခါ သက်တမ်း ရင့် ထန်းပင်တွေဟာ (ဒေသအခေါ် ထန်းလွန် အသက်ကြီးရင့်အိုတဲ့အပင်ကိုခေါ်တာပါ) အသက် (၁၀၀) နှင့်အထက်အပင်များကို ခေါ်ကြတာဖြစ်ပြီး အိမ်၊ ဂိုဒေါင်ဆောက်ရာတွင် ထုတ်၊ ယောက်၊ တန်းမှာ အသုံးပြုလာကြတာများပါတယ်။ ထန်း သားဟာ ရေမစိုလျှင် တော်တော်ခိုင်တဲ့အပြင် သစ်ရှားလာတာဖြစ်တဲ့အတွက် ထန်းပင်ကိုအသုံး ပြုတာများပါတယ်။
တစ်ခါ ပခုက္ကူစက်မှုဇုန်မှာ ထန်းသားနဲ့ပြုလုပ်ထားတဲ့ လူ့ အသုံးအဆောင် စားပွဲ၊ ကုလားထိုင်၊ လက်ဖက်ရည်အိုး၊ ပန်းကန်က အစ ဆေးလိပ်ခံခွက်အထိ ထုတ်လုပ်နေတယ်ဆိုတာကိုလည်း လေ့လာရပါတယ်။ ကျွန်တော်တို့ရဲ့ အဘိုးအဘွားများ ထန်းတော များ ပိုင်ကြပါတယ်။ ထန်းတစ်ရင်းပိုင်တယ်၊ နှစ်ရင်းပိုင်တယ်လို့ ပြောကြပါတယ်။ ထန်းတစ်ရင်းကို အပင်(၁၀၀)လို့ သတ်မှတ်ကြတယ် လို့ပြောတာ ကြားဖူးပါတယ်။ အဲဒီတုန်းက ထန်းတောင်ပိုင်ရှင် က သုံးဘို့နှစ်ဘို့ရပါတယ်။ ဆိုလိုတာက ထန်းတက်သမားက ထွက်လာ တဲ့ထန်းလျက်ကို တစ်ပုံ၊ ထန်းတောပိုင်ရှင်က နှစ်ပုံရတာကို ပြော တာပါ။ ထန်းတက်သမားနဲ့ထန်းပိုင်ရှင်တွေ နွေးထွေးမှုရှိပြီးသားပါ။ ဒီထန်းေ တာ မြေ ကွက်လပ်မှာပဲ ပဲ၊ ပြောင်း၊ နှမ်း၊ ငရုတ် စသည့် ကိုက်ညီမယ့်သီးနှံ စိုက်ပျိုးကြပါတယ်။ ဒါကို ထန်းတောပိုင်ရှင်က မယူပါဘူး။ ဒါပေသိ ထန်းသမားကတော့ အသီးအနှံ အစေ့အဆန်၊ ရလာရင် ဦးဦးဖျားဖျားလာပို့ကြတာပါပဲ။ ခုဘာကြောင့် ထန်းတက် သမား ရှားလာသလဲ၊ မရှိတာလဲ၊ ရင်းနှီးရတဲ့သဘာ၀ ရင်းထောင်၊ ရင်းဆွဲ၊ ဝါး၊ လျှော်ဖိုး ကုန်ကျစရိတ်များသလား၊ ထန်းမြူအိုးဖိုး၊ ကြိုးဖိုး၊ ထင်းဖိုး ကုန်သလား၊ ဒါကြောင့်လား... ဒါဆိုရင် ကျွန်တော် တို့ တာဝန်ယူထားတဲ့ ယောဘက်မှာ ရင်းထောင်၊ ရင်းဆွဲအစား ဝါးဖြင့် (ဝါးတက်ကိုနင်း၍ တက်တာပါ) တက်ခြင်း၊ မြူအိုးနှင့် ကြိုးအတွက် ဝါးဘိုး၊ ဝါးဘူးဖြင့်ပြောင်းမလား၊ ထင်းတောရှား၍ ထင်းအတွက် စပါးခွံကိုသုံးမလား၊ ဆိုင်ကယ်တာယာအဟောင်း ကိုသုံးမလား၊ ပဲစင်းငုံရိုး၊ ဝါရိုး သုံးမလား ထန်းလျက်ဈေးကွက်ရအောင် ဘယ်လိုလုပ်မလဲဆိုတာကို သက်ဆိုင်ရာက အပိုင်းအလိုက် စဉ်းစား ကြစေလိုပါတယ်။
စားသုံးသူ အကာအကွယ်ပေးရေးသွားတဲ့ရေစကြိုဘက်မှာ ထန်းပင်တွေကို အပင်လိုက်လဲနေတာ တွေ့ရသလို မြိုင်နယ်ဘက်မှာ လည်း တွေ့ရပါတယ်။ ခရီးသွားရင် မိတ်ဆွေအချို့ ပြောပြချက် အရ ကျောက်ပန်းတောင်း ၊ ညောင်ဦးဘက်မှာလည်း ထန်းပင်တွေကို အပင်လိုက် ခုတ်လဲှရောင်းချတယ်လို့ ကြားရပါတယ်။ ထန်းလွန် (သက်တမ်းရင့်) ထန်းပင်တွေကို အခြေအနေအရ သုံးစွဲမရလို့ ခုတ်လှဲကြတာကို မဆိုလိုပေမယ့် အုတ်ဖုတ်ဖို့ ထင်း အသုံးပြုဖို့ ထန်းပင်အနုတွေပါ ခုတ်လဲှရောင်းနေတယ်ဆိုတာကတော့ လွန်နေ ပါပြီ။ ယခုရှိနေတဲ့ ထန်းပင်တွေဟာ ရှေးက ဘိုးဘွားဘီဘင်တွေ စိုက်ပျိုးခဲ့ကြလို့ နှောင်းလူတွေ (ယခုလက်ရှိလူတွေ) ခံစား စံစားနေကြ ရတာပါ။ ကိုယ့်လက်ထက်ကျမှ နောက်လူတွေအတွက် ကိုယ်တိုင် မစိုက်ပျိုးဘဲ ရှိသမျှ ထန်းပင်ခုတ်လှဲနေကြရင် ဒို့ခေတ်ကျမှ ရိုင်းတော့ မှာလားဆိုတာကို ဖြစ်နေပါလိမ့်မယ် စဉ်းစားကြစေလိုပါတယ်။ ကြားရတဲ့သတင်းတွေက ထန်း တစ်ပင် ကျပ် ၅၀၀၀ မှ ကျပ် ၂၀၀၀၀ အထိ ဈေးနဲ့ ရောင်းရတယ်ဆိုတာပါ။ မန္တလေး၊ စစ်ကိုင်း၊ မကွေး ဆိုတာ မိုးရေချိန် (၂၀ လက်မ)နဲ့ (၄၀ လက်မ) ကြားသာ ရွာတဲ့ မိုးခေါင် ရေရှား ရပ်ဝန်းဒေသဆိုတာ တော်တော်များများ အသိအမှတ်ပြုပြီး သားပါ။ ထန်းပင်ရဲ့အမြစ်သည် ရေကို သိုလှောင်နိုင်စွမ်းရှိတယ်လို့ ပညာရှင်များ သုတေသနပြုထားပြီး ဖြစ်ပါတယ်။ အပူလွန်အအေး လွန်တဲ့ဒေသမှာ ထန်းပင်ကအမြစ်က ရေကိုသိုလှောင်နည်း အစို ဓာတ်ကို ထိန်းပေးတဲ့ ဂေဟစနစ်ကို သူ့နေရာနှင့်သူ သူ့သဘာဝအရ ထိန်းပေး ထားခဲ့တာပါ။ ဒါတွေကို ကိုယ့်ခေတ်မှာ မစိုက်ပျိုးတဲ့အပြင် ထန်းအပင်လိုက်ပါ ခုတ်ရောင်းကြမယ်ဆိုရင်တော့ အညာဒေသ ကန္တာရဖြစ်သွားနိုင်တယ်ဆိုတာ သတိပြုစေလိုပါတယ်။ ယခင်တေးပြု စာဆိုတွေက ဝန်ကြီးပဒေသရာဇာရဲ့ ထန်းတက်သမား ဘွဲ့တျာချင်း မှာ 'ထန်းပွင့် ထန်းခိုင် ရွှန်းမြိုင်မြိုင် ကလိုင်သာလွယ်၍ တက်သည်နှင့် လေး'လို့ ဖွင့်ဆိုခဲ့ကြပြီး နန်းတော်ရှေ့ ဆရာတင် က 'လက်ရေတစ်ပြင် တည်း}ကို ဖွဲ့ဆိုခဲ့ပါတယ်။ ကိုယ့်ခေတ်မှာတော့  'ထန်းပင် ထန်းတော လွမ်းမောစရာပဲ ရွှေဂုံသူရယ် ရွှေဂုံသူရယ်}လို့ တေးသီချင်းတွေ သီခဲ့ကြပါတယ်။ ဒီလိုအတိုင်းသာ ဆက်ဖြစ်နေ မယ်ဆို ရင်တော့ ထန်းပင်တွေရဲ့ အညာဒေသရတနာတစ်ပါးဖြစ်တဲ့ အပင်တွေကို နောက်လူတွေ ဘယ်လိုဖွဲ့ဆိုမှာပါလဲ ကျွန်တော့်အမြင်ပြောရရင် အညာဒေသ ရတနာထန်းပင်တွေအတွက် ထန်းပင် အနိစ္စ တေး ထပ် ပဲ ဖွဲ့ရတော့မှာလား စာရှုသူများခင်ဗျာ.....။

မြင့်ဦး ( ပခုက္ကူ)