Main menu

Background

Wednesday, 24 Aug 2011

ရာသီအလိုက် စိုက်ပျိုးနေသော ဟင်းသီးဟင်းရွက်စီးဆင်းမှု                   ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ၁၄ မြို့နယ်အနက် လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်း၊ ပေါင်းတည်၊ ရွှေတောင်၊ သဲကုန်း၊ ပြည်တို့မှ နေ့စဉ်ဟင်းသီးဟင်းရွက်များအား ကား ၁ဝ စီးမှ ၁၅ စီးအထိ တင်ပို့လျက်ရှိပါတယ်။ မီးရထားဖြင့်လည်း လက်ပံတန်း၊ သဲကုန်းမြို့နယ် ပုတီးကုန်း၊ ဆင်မြီးဆွဲတို့မှ နေ့စဉ် ရထားတွဲ ၁ တွဲမှ ၃ တွဲအထိ တင်ပို့လျက်ရှိပါတယ်။ ဟင်းသီးဟင်းရွက်စိုက် ပျိုးမှုကတော့ မိုးဦးကျ ဇွန်၊ ဇူလိုင်လမှ အောက်တိုဘာ လအတွင်း သခွား၊ ဗူး၊ ပဲတောင့်ရှည်၊ ဖရုံသီး၊ ကျောက်ဖရုံ၊ ကြက်ဟင်းခါး၊ နံနံပင်၊ မုန်လာဥ အစရှိတဲ့ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးတင်ပို့ပြီး၊ မိုးကုန်ဆောင်းအကူး ဒီဇင်ဘာလမှ မေလအထိကတော့ ကြက်သွန်နီ၊ မုန်လာဥ၊ နံနံပင်၊ ခရမ်းသီး၊ ခရမ်းြွကတ်နဲ့ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီများ စိုက်ပျိုးတင်ပို့လျက်ရှိပါတယ်။                    ခြံသီးနံှများအနေနဲ့ ရှောက်၊ သံပုရာ၊ ကြောင်လျှာသီးများကတော့ သီးနံှပေါ်ချိန်များမှာ လှိုင်လှိုင် တင်ပို့နိုင်ပါတယ်။ အလားတူ ဖူးစားပြောင်းကတော့ တစ်ကွက်ခုတ်၊ တစ်ကွက်စိုက်နဲ့ ရာသီမရွေး စိုက်ပျိုးလျက်ရှိပါတယ်။ ဖူးစားပြောင်း မျိုးများကတော့ ဝက်ဆီ၊ သကြားပြောင်းများ အစိုက်များကြောင်း သိရှိရပါတယ်။ ဒါကြောင့် ပဲခူးတိုင်းဒေသကြီး အနောက် ပိုင်းမှ ရန်ကုန်သို့ နေ့စဉ်ဟင်းသီးဟင်းရွက်တန်ချိန် ၂ဝဝ မှ ၃ဝဝ ခန့် ပုံမှန်တင်ပို့လျက် ရှိပါကြောင်းနဲ့ သီးနံှလှိုင်လှိုင်ပေါ် ချိန်နှင့် သီးနံှ အထွက်ဆုံးချိန်မှာ အနည်းငယ်ကွာခြားမှုရှိတာကြောင့် ဗီတာမင်အတွက် လိုအပ်တဲ့ဟင်းသီးဟင်းရွက်အတွက် မပူပင်ရကြောင်း ရေးသားလိုက်ရပါတယ်။ ခေတ္တရာဟင်္သာ 

Tuesday, 28 Jun 2011

သီးနံှစိုက်ချိန် မန်းဓာတ်မြေသြဇာဈေးကွက် အရောင်းသွက်ဈေးတက်           မန္တလေးဈေးကွက်ရှိ တရုတ်ဓာတ်မြေသြဇာဈေးနှုန်းများ မြင့်တက်လာတာကို တွေ့ရပါတယ်။ သီးနံှစိုက်ပျိုး ရာသီ အရောင်းသွက် ဈေးတက်လေ့ရှိတဲ့ ကာလဖြစ်သော်လည်း ယခုနှစ် အတွက် လက်ရှိအချိန်မှာ ထူးခြားစွာနဲ့ ဈေးမြင့်လာတာကိုတွေ့ရပါတယ်။ ဈေးမြင့်လာရခြင်းအကြောင်းမှာ တရုတ်နိုင်ငံတွင် ဓာတ်မြေသြဇာ တင်ပို့မှု စည်းကမ်းများ တင်းကျပ်လာခြင်းကြောင့်လို့ သိရပါတယ်။ ယခုရက်ပိုင်း တရုတ်ထုတ်ဓာတ်မြေသြဇာများရဲ့ ဈေးနှုန်းများကတော့ ယူရီးယားပန်းဖူး တံဆိပ်မှာ ၂၁၄ဝဝ ကျပ်၊ ရွှေတောင် တံဆိပ် ၂၁၈ဝဝ ကျပ်၊ တီစူပါ GTSP ၄၆ ရာခိုင်နှုန်း သံကွင်းတံဆိပ်မှာ ကျပ် ၂၇၅ဝဝ၊ GTSP ၁၆ ရာခိုင်နှုန်းမှာ ကျပ် ၁ဝ၇ဝဝ၊ GTSP ၁၂ ရာခိုင်နှုန်းမှာ ကျပ် ၉၇ဝဝ၊ ကွန်ပေါင်း (၁၅း၁၅း၁၅) ကျပ် ၂၅၅ဝဝ၊ အာမို (၁၅း၁၅း၁၅ )မှာ ကျပ် ၃၈ဝဝဝ ဈေးရှိတယ်လို့ သိရပါတယ်။ ယခင်ရက်များနှင့်စာလျှင် တစ်အိတ်ကို ၅ဝဝ ကျပ်ဝန်းကျင် ဈေးပိုလာတာကို တွေ့ရပြီး အရောင်းအဝယ်မှာ စတင်ကောင်းမွန်လာပြီဖြစ်ကြောင်း ဓာတ်မြေသြဇာပွဲရုံလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ဝါဝါခင်

Tuesday, 28 Jun 2011

မန်းသို့ စီးသွားတဲ့ မုံရွာဆီးလက်ကျန်              မုံရွာဆီးပွဲရုံများမှာ ဆီးလက်ကျန် နည်းပါးသွားပြီး ဂိုဒေါင်တွေရှင်းနေပြီလို့ သိရပါတယ်။ မုံရွာမှ မန်းသို့ တစ်နေ့ ဆီးပိဿာချိန် ၁ဝဝဝဝ ဝန်းကျင် စီးဆင်းလျက်ရှိပြီး တန်ဆာခတစ်ပိဿာ ၁၂ ကျပ်နှုန်းဖြင့် တင်ပို့ရကြောင်း သိရပါတယ်။              ပြီးခဲ့တဲ့ ဆီးရာသီအရ မုံရွာတစ်နယ်လုံးဆီးပိဿာချိန် သိန်း ၂ဝဝ ခန့် ထွက်ခဲ့ပါတယ်။ ဆီးဈေးနှုန်းအနေနဲ့ သြင်္ကန်မတိုင်မီ ပေါက်ဈေးတစ်ပိဿာ ၁၇ဝ ကျပ်၊ ၁၈ဝ ကျပ်နှင့် သြင်္ကန်ပြီး တစ်ပိဿာ ၂၃ဝ ကျပ်၊ ၂၄ဝ ကျပ်မှ တဖြည်းဖြည်းတက်လာကာ ဒီနေ့ပေါက်ဈေး ကျပ် ၃ဝဝ နဲ့ အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။  ခင်မြင့်မြင့်သန်း

Tuesday, 28 Jun 2011

မြကျောက်ပြီးတော့ ရင်ကွဲ ဈေးချိုချိုနဲ့ အရောင်းအဝယ်သွက်             ဧပြီနောက်ဆုံးပတ်မှာ စတင်အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပြည်မြို့ရဲ့သရက်သီးဈေးကွက်မှာ မြကျောက်သရက်နဲ့ ရင်ကွဲ သရက်များ အရောင်းအဝယ်ဖြစ်နေဆဲရှိပါတယ်။ ဧပြီ၊ မေနဲ့ ဇွန်လပထမပတ်အထိ မြကျောက်များအရောင်းအဝယ် ကောင်းခဲ့ပြီး ဇွန်နောက်ဆုံးပတ်မှာတော့ မြကျောက်သရက်သီး ရှားပါးလာခဲ့တာကြောင့် ရင်ကွဲသရက်များ နေရာယူလာတာကို တွေ့ရပါတယ်။ ယခုနှစ်သရက်သီးအထွက်ကောင်းတာကြောင့် သရက်သီးပေါများပြီး ရင်ကွဲသရက် အမျိုးအစား မှာ အလုံးအကြီး အသေးအလိုက် တစ်လုံးလျှင် ၁ဝ ကျပ် မှ ၅ဝ ကျပ်ထိရှိကာ ဈေးနှုန်းချိုချိုနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။                    အိဆွေဇင်

Tuesday, 28 Jun 2011

မန်းဈေးကွက်ရဲ့ ဒူးရင်းသီး                ထိုင်းဒူးရင်းသီးများ ရန်ကုန်မှတစ်ဆင့် မန်းသို့ Express ကားများနဲ့ ဝင်ရောက်လာပါတယ်။ ဒူးရင်းသီးတစ်လုံး ရန်ကုန်- မန်း တန်ဆာခ ကျပ် ၂ဝဝ ပေးရပြီး ၂ ရက်ခြားလုံးရေ ၁ဝဝဝ ခန့် ဝင်ရောက်ကြောင်း သိရပါတယ်။ ပွဲရုံဈေးအရ တစ်လုံး အနိမ့်ဆုံး ၃ဝဝဝ ကျပ်မှ အမြင့်ဆုံး ၆ဝဝဝ ကျပ်အထိဈေး နှုန်းရှိပြီး လက်လီရောင်းချသူများ အနေနဲ့ တစ်လုံးကို ၈ဝဝဝ ကျပ်၊ ၁ဝဝဝဝ ကျပ်အထိ အရောင်းအဝယ်ရှိပါတယ်။ ဒူးရင်းသီးရောင်းချသူများက မန်းဈေးကွက် အပြင် မေမြို့၊ နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ မူဆယ်အထိ ခရီးစဉ်အဆင့်ဆင့် ရောင်းချသွားကြပါတယ်။ ထိုင်းဒူးရင်းသီးက သံတောင် ထွက် ဒူးရင်းထက် အရသာကောင်း ပိုချိုပြီးအသားထူ၊ အလုံးလှလို့ အရောင်း အဝယ်ကောင်းကြောင်း သိရပါတယ်။   ခင်မြင့်မြင့်သန်း

Tuesday, 28 Jun 2011

သရက်အခံပျိုးပင်အတွက် အဝယ်များတာကြောင့် ရွှေကူသရက်စေ့များ အရောင်းသွက်         ယခုအချိန်ဟာ သရက်သီးအရောင်းသွက်တဲ့ကာလဖြစ်ပါတယ်။ စားသုံးသူများကြောင့် သရက်သီးအရောင်း သွက်သလို စိုက်ပျိုးထုတ်လုပ်သူများအတွက် သရက်စေ့မျိုး လိုအပ်တာကြောင့် သရက်စေ့ဟာလည်း ဈေးကွက်တစ်ခု အနေနဲ့ ရပ်တည်နေတာကို တွေ့ရပါတယ်။ ရွှေကူ (ငအိုး) ဘက်မှလာသော သရက်သီးအမှည့်လွန်များကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ ၁ဝ ရာခိုင်နှုန်းအမြတ်ယူပြီး ရောင်းချပေးနေတယ်လို့ သိရပါတယ်။           ယင်းရွှေကူသရက်စေ့တစ်စေ့ကို လက်ရှိပေါက်ဈေး ၃၅ ကျပ်နှုန်းဖြင့် အရောင်းသွက်ကြောင်း သိရပါတယ်။ မန္တလေးနဲ့ အနီးပတ်ဝန်းကျင်သရက်စိုက်ပျိုးသူများက အခံပျိုးပင်အဖြစ် အဝယ်သွက်သလို နေပြည်တော်ရှိ သရက်စိုက် ပျိုးသောခြံများက ယခုနှစ်အစေ့တစ်သိန်းကျော်ဝယ်ယူကြောင်း မန္တလေးတိုင်းဒေသကြီး သစ်သီးဝလံအသင်း တာဝန်ရှိ သူတစ်ဦးက ပြောပါတယ်။ ကျော်ဇင်သန်း 

Tuesday, 28 Jun 2011

နယ်စပ် သစ်သီးဝလံ ကုန်သွယ်မှု               ဇွန်လ ၁၅ ရက်မှ ၂၁ ရက်ကာလ အတွင်း နယ်စပ်မှ သစ်သီးဝလံ ကုန်သွယ်မှုကိုကြည့်မယ်ဆိုလျင် မူဆယ်၊ မောင်တောနဲ့ ချင်းရွှေဟော်နယ်စပ် များမှာ ကန်ဒေါ်လာ ဝ ဒသမ ၄၃၆ သန်းတန်ဖိုးရှိ သရက်သီးများကို မူဆယ်မှ တန် ၃၉၉ဝ ကျော်၊ မောင်တောမှ ၄၅ တန်ကျော်နဲ့ ချင်းရွှေဟော် မှ တန် ၅ဝ၊ စုစုပေါင်း ၄ဝ၈၅ တန်ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်က ထက် ၁၁၆ တန်ကျော် လျော့နည်း တင်ပို့ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ယခင် အပတ်က တန် ၄၂၂ဝ ကျော်တင်ပို့မှု ရှိခဲ့ပေမယ့်၊ ယခုအပတ်မှာ ၄ဝ၈၅ တန် သာ တင်ပို့နိုင်ခဲ့ပြီး မောင်တောနယ်စပ် ကလည်း ယခင်အပတ်ကထက် ၄၅ တန် လျော့နည်းတင်ပို့ခဲ့တာ တွေ့ရ ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ ဝ ဒသမ ၁၅ဝ သန်းတန်ဖိုးရှိ သရက် ပြားခြောက် ၁၆၉ တန်ကျော်တင်ပို့ခဲ့ပြီး ယခင်အပတ်တင်ပို့မှုထက် တန် ၃ဝ ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။               ကန်ပိုက်တီးနယ်စပ်မှ ယခုအပတ် မှာ ကျပ် ၁ဝ၅ သန်းတန်ဖိုးရှိ တစ်သျှူး ငှက်ပျော ၁ဝ၅ တန် တင်ပို့မှု ရှိခဲ့ပါ တယ်။ သွင်းကုန်ပိုင်းမှာတော့ မူဆယ် နယ်စပ်မှ ကန်ဒေါ်လာ ၁၅၉ဝဝ ကျော် တန်ဖိုးရှိ ပန်းသီး ၄၈ တန်ကျော် တင် သွင်းခဲ့ပြီး ယခင်အပတ်ကထက် တန် ၄ဝ ကျော် လျော့နည်းတင်သွင်းခဲ့ပါတယ်။

Tuesday, 28 Jun 2011

ပြည်ဈေးကွက်အတွင်း ခရမ်းချဉ်သီးများ ဈေးမြင့်ပေမယ့် အရောင်းအဝယ် ကောင်းနေ            ပြည်ဈေးကွက်အတွင်း ရှမ်းပြည်နယ်ထွက် ခရမ်းချဉ်သီးများ အဆက်မပြတ် ဝင်ရောက်လျက်ရှိတာကို တွေ့ရပါတယ်။ ယခင်လများက ဒေသထွက် ကိုင်းသီးနှင့် ရှမ်းသီး နှစ်မိုျးရှိပေမယ့် ယခုဒေသထွက်ကိုင်းသီးများတုံးချိန်တွင် ရှမ်းသီး တစ်မျိုးသာ အရောင်းအဝယ်ဖြစ်နေတာကို တွေ့ရပါတယ်။ ယခင်လများက ခရမ်းချဉ်သီးတစ်ပိဿာ ၁ဝဝဝ ကျပ်သာရှိခဲ့ပြီး ဇွန်လပထမပတ်တွင် တစ်ပိဿာ ၁၂ဝဝ ကျပ် မှယခုဇွန်လကုန်မှာတော့တစ်ပိဿာ ၁၄ဝဝ ကျပ်ထိ ဈေးမြင့်တက်ခဲ့ပါတယ်။ ဈေးမြင့်ပေမယ့် အဝယ်လိုက်ကာ အရောင်း အဝယ် ကောင်းလျက်ရှိကြောင်း သိရပါတယ်။ အိရွှေစင်

Tuesday, 28 Jun 2011

ပဲခူးတိုင်းဒေသကြီး(ပြည်)မှ ပန်းထိမ်မနိုင်ပန်းများ ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေး ဆောင်ရွက်နေ                 မိုးရာသီကာလဖြစ်တဲ့ ဇွန်လမှ သြဂုတ်လအထိမှာ ပန်းထိမ်မနိုင်ပန်း များ ထွက်ရှိတဲ့ကာလဖြစ်ပါတယ်။ ပဲခူး တိုင်းဒေသကြီး (ပြည်) ဒေသအတွင်း ပေါင်းတည်နှင့် နတ်တလင်းမြို့နယ်များ တွင် ပန်းထိမ်မနိုင်ပန်းများကို အများ ဆုံးစိုက်ပျိုးကြပြီး အဖြူရောင်အပြင် ခရမ်းရောင်ကိုပါ စိုက်ပျိုးကာ စီးပွားဖြစ် အနေနဲ့ ဧက ၃ဝဝ ကျော်ခန့် စိုက်ပျိုး ထားကြောင်းသိရပြီး အခြားမြို့နယ်များ တွင်လည်း ဧကအနည်းငယ်စီ စိုက်ပျိုး ကြောင်း သိရပါတယ်။                  ပန်းထိမ်မနိုင် ၁ ဧကစိုက်ပျိုးရင် ကုန်ကျစရိတ်အနေနဲ့ ၃ သိန်းနီးပါးခန့် ကုန်ကျပြီး ၁ ဧကပန်းခိုင် ၄ သောင်းခန့် ထွက်ရှိကြောင်း သိရပါတယ်။ စိုက်ပျိုးသူမှ ပန်းဒိုင်သို့ တစ်ခိုင်ပျမ်းမျှ ရောင်းဈေး ၂၅ ကျပ်နှုန်းနဲ့တွက်ရင် ၁ဝ သိန်း ရရှိနိုင်သဖြင့် တစ်ဧကအကျိုးအမြတ်မှာ ၇ သိန်းခန့်ရှိတယ်လို့ သိရပါတယ်။ ပန်း ဒိုင်များမှ တိုင်းဒေသကြီးအတွင်း ဈေး ကွက်များသို့ ဖြန့်ဖြူးသည့်အပြင် မကွေး၊ ရန်ကုန်၊ ပဲခူးနှင့် ဘားအံမြို့များသို့ပါ တင်ပို့ရောင်းချကြောင်း သိရပါတယ်။ ပဲခူးတိုင်းဒေသကြီး (ပြည်) ဒေသ အတွင်းရှိ ပန်းစိုက်ပျိုးသူများအား ပန်းထိမ်မနိုင်ပန်းများ တိုးခဲျ့စိုက်ပျိုး ရေးကို လယ်ယာထွက်ကုန်ဝန်ထမ်း များမှ ကွင်းဆင်း၍ စိုက်ပျိုးတောင်သူများနှင့် ဆွေးနွေးစည်းရုံး ဆောင်ရွက် ခဲ့ပြီးဖြစ်သည့်အပြင် ပြည်တွင်းဈေး ကွက်မှသည် ပြည်ပဈေးကွက်သို့ပါ တိုက်ရိုက်တင်ပို့ရောင်းချနိုင်ရေးအတွက် ပန်းအသင်းအဖွဲ့များနဲ့ ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ အိဆွေဇင် 

Tuesday, 28 Jun 2011

မန်းဈေးကွက်အတွင်း ဝင်ရောက်လာတဲ့ လိုက်ချီးနဲ့ မင်းဂွတ်သီးဈေးကွက်               မန္တလေးမြို့ သစ်သီးပွဲရုံများမှာတော့ လားရှိုး၊ မိုးကုတ်ကလာတဲ့ လိုက်ချီးသီးနဲ့ မော်လမြိုင်၊ တောင်ငူကလာတဲ့ မင်းဂွတ်သီးများ ဝင်ရောက်လျက်ရှိပါတယ်။ လိုက်ချီးသီးကို ဝါးပိုများနဲ့ထည့်သွင်းပြီး တစ်နေ့ ပျမ်းမျှ ပို ၅ဝ - ၄ဝ ဝင်ရောက်လျက်ရှိပြီး ရောင်းချမှုအနေနဲ့ကတော့ ပိဿာချိန်ရောင်းလျှင် တစ်ပိဿာ ၆ဝဝ ကျပ်၊ ၁ဝဝဝ ကျပ်၊ ၁၂ဝဝ ကျပ်၊ ၁၅ဝဝ ကျပ်နှုန်းဖြင့် အလုံးအရွယ်နှင့် ဝင်ရောက်မှုအပေါ်မူတည် ရောင်းချပါတယ်။ အစည်းအနေနဲ့ကတော့ တစ်စည်းလျှင် ၁၅ဝ ကျပ်- ၅ဝဝ ကျပ်-၆ဝဝ ကျပ်ရောင်းချပြီး တစ်စည်းကို အလုံး ၅ဝ - ၁ဝဝ ပါရှိကြောင်း သိရပါတယ်။                မင်းဂွတ်သီးကတော့ တောင်ငူသီးထက် မော်လမြိုင်သီးက ပို၍ အရသာကောင်းမွန်ပါတယ်။ မင်းဂွတ်သီးကို အသားသေတ္တာဖြင့် ထုပ်ပိုး ထည့်သွင်းပြီး တစ်သေတ္တာကို အလုံး ၃ဝဝ မှ ၄ဝဝ ကျော် ပါရှိပါတယ်။ ရောင်းဈေးအနေနဲ့ကတော့ အလုံးအကြီးအသေးပေါ်မူတည်ပြီး တစ်လုံး လျှင် ၈ဝ ကျပ်၊ ၁ဝဝ ကျပ်၊ ၁၂ဝ ကျပ် နှုန်းဖြင့်ရောင်းချကြောင်းသိရပါတယ်။ အေးအေးမြင့် 

Pages